The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဆီ မော်ရင်ဟိုပြန်သွားမယ်ဆိုရင် အလွန်အံ့ဩမိလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ အလန်ရှီးယား

ရီးရဲလ်မက်ဒရစ်အသင်းဆီ ဂန္ထဝင်နည်းပြကြီးဂျိုဆေးမော်ရင်ဟို တစ်ကျော့ပြန်ရောက်ရှိလာမယ်ဆိုရင် အလွန်အံ့အားသင့်မိပါလိမ့်မယ်လို့ ပရီးမီးယားလိဂ်ဂန္ထဝင်အလန်ရှီးယားက ဖွင့်ဟပြောကြားလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုက ဘောလုံးရာသီသစ်မစတင်ခင် အခုနွေရာသီမှာတင် စပိန်ထိပ်သီးကလပ်ကို တစ်ကျော့ပြန်ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ယူဆရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြကြီးက အသင်းဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိနေသလို လက်ရှိဘင်ဖီကာအသင်းမှာပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့်လည်း အသင်းဘုတ်အဖွဲ့ရဲ့ သဘောကျမှုကို ရရှိထားတယ်လို့ သိရပါတယ်။

မန်ယူနည်းပြဟောင်းရဲ့ ဘင်ဖီကာနဲ့ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်က လာမယ့်ရာသီကုန်ဆုံးချိန်မှသာ သက်တမ်းကုန်ဆုံးဖို့ရှိပေမဲ့ အခုနွေရာသီမှာတင် အသင်းမှထွက်ခွာခွင့်ပြုမယ့် အချက်တစ်ခုလည်း စာချုပ်ထဲမှာ ပါဝင်နေပါတယ်။

လာမယ့်လတွေအတွင်း မော်ရင်ဟိုကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ဘက်က အသင့်ဖြစ်နေတယ်လို့ သတင်းတွေထွက်နေပြီး အဲဒီအပြောင်းအရွှေ့က သူ့ကို အံ့သြသွားစေလိမ့်မယ်လို့ ရှီးယားက Betfair ကို ပြောခဲ့ပါတယ်။

"ဂျိုဆေးမော်ရင်ဟိုသာ ရီးရဲလ်မက်ဒရစ်ဆီ တကယ်ပြန်သွားမယ်ဆိုရင် ကျွန်တော် အံ့သြမိပါလိမ့်မယ်။ ဒါက လူတွေရဲ့တုံ့ပြန်မှု ဘယ်လိုရှိမလဲဆိုတာ သိရအောင် တစ်ဖက်ဖက်က ခြေလှမ်းစမ်းကြည့်တာလားဆိုတာတော့ မသိဘူး။ မော်ရင်ဟိုရဲ့လူတွေဘက်ကလား၊ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ဘက်ကလားပေါ့။"

"မော်ရင်ဟိုမှာ မှော်ဆန်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေတုန်းပါပဲ။ သူကိုင်တွယ်နေတဲ့ ဘင်ဖီကာက ဒီရာသီမှာ ရှုံးပွဲမရှိသေးဘူး။ သူက နည်းပြကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံရမယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ သူသာ ရီးရဲလ်မက်ဒရစ်ဆီ ပြန်သွားမယ်ဆိုရင်တော့ ကျွန်တော် တကယ်ပဲ အံ့သြမိပါလိမ့်မယ်" လို့ အလန်ရှီးယားက ဆိုပါတယ်။

မော်ရင်ဟိုက လွန်ခဲ့တဲ့ ၁၃ နှစ်၊ ရီးရဲလ်မက်ဒရစ်မှထွက်ခွာလာပြီးနောက် ချဲလ်ဆီးကို တစ်ကျော့ပြန်ကိုင်တွယ်ခဲ့သလို အခုလည်း ရီးရဲလ်မက်ဒရစ်ဆီပြန်ရောက်လာပြီး အသင်းကို ဆုဖလားတွေအတွက် ပြန်လည်ယှဉ်ပြိုင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ဖွယ် ရှိနေပါတယ်။