The network connection is lost.

Banner Image

လိုင်ယွန်သို့ အပြီးသတ်ပြောင်းရွှေ့လိုကြောင်း ဖွင့်ဟလာတဲ့ အန်းဒရစ်ခ်

ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အန်းဒရစ်ခ်က လိုင်ယွန်အသင်းမှာ ဆက်နေရတာကို တကယ့်ကို ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ လိုင်ယွန်က ရန်းနက်စ်အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အန်းဒရစ်ခ်က အံ့အားသင့်စရာကောင်းတဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တာပါ။

ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ပြင်သစ်ကလပ် လိုင်ယွန်ဆီ အငှားနဲ့ ရောက်ရှိလာတဲ့ ဒီဘရာဇီးလ်လူငယ်ကစားသမားဟာ ဒီရာသီ လီဂူးဝမ်းမှာ ၅ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပြီး သူ့အသင်းကို ဥရောပ အဆင့်မြင့်ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်း ပိုနီးစပ်အောင် ကူညီပေးခဲ့ပါတယ်။

အမှတ်ပေးဇယား ထိပ်ပိုင်းမှာ အမှတ်ကွာဟချက် ကျဉ်းမြောင်းနေပြီး ရာသီပိတ်ဖို့ ၂ ပွဲအလိုမှာ လိုင်ယွန်က အဆင့် ၄ က လိုင်လီထက် ၂ မှတ်၊ အဆင့် ၅ က ရန်းစ်ထက် ၄ မှတ် အသာရနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ပွဲကစားခွင့် နည်းပါးခဲ့တဲ့ အန်းဒရစ်ခ်ဟာ ပြင်သစ်မှာ ပျော်ရွှင်နေပြီး ပွဲအပြီးမှာတော့ ရာသီကုန်ရင် သူ့ရဲ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတဲ့အပေါ် မေးမြန်းခြင်း ခံခဲ့ရပါတယ်။

"ကျွန်တော့်ရဲ့ အနာဂတ်လား? ဒီမှာ ကျွန်တော် တကယ်ကို နေလို့ကောင်းပြီး ပျော်ရွှင်နေပါတယ်။ အသင်းဖော်တွေနဲ့လည်း အဆင်ပြေတဲ့အတွက် ကျန်တာကတော့ ဘုရားသခင်ရဲ့ အလိုအတိုင်းပါပဲ။ ရီးရဲလ်ကို ပြန်သွားရမယ်ဆိုရင်လည်း ပြန်သွားမယ်၊ ဒီမှာပဲ သက်တမ်းတိုးရမယ်ဆိုရင်လည်း ဖြစ်လာပါလိမ့်မယ်၊ ဒါကတော့ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်ကတော့ ဒီမှာပဲ ဆက်နေချင်ပါတယ်။ လူတိုင်းက ကျွန်တော့်ကို သက်သောင့်သက်သာ ဖြစ်အောင် အစွမ်းကုန် ကြိုးစားပေးကြပါတယ်" လို့ အန်းဒရစ်ခ်က Ligue1+ ကို ပြောပြခဲ့ပါတယ်။

"စိတ်ထဲမှာ တကယ်ကို ကောင်းမွန်နေသလို အသင်းအတွက်လည်း အရမ်းဝမ်းသာပါတယ်။ (ရန်းစ်နဲ့ပွဲက) တကယ့်ကို အရေးကြီးတဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ ခံစစ်ကောင်းကောင်း ကစားနိုင်ခဲ့သလို တိုက်စစ်ပိုင်းကလည်း အပြောင်းအလဲတွေ လုပ်နိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းကိုလည်း အမြဲတမ်း အာရုံစိုက်ရမယ်၊ ကျွန်တော် ဆက်ပြီး ကြိုးစားသွားမှာပါ၊ ဂိုးတွေလည်း သွင်းရမယ်။ ဂိုးမသွင်းနိုင်ရင်တောင် အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးရပါမယ်။ လုံလောက်အောင် မကြိုးစားရင်တော့ အရန်ခုံမှာပဲ ထိုင်နေရမှာပေါ့၊ ဒါပေမဲ့ ဒီနေ့မှာတော့ ဂိုးသွင်းနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် အန်းဒရစ်ခ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ပေါင် ၅၂ သန်းနဲ့ ပါးလ်မီးရပ်စ်အသင်းကနေ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့တာပါ။ လိုင်ယွန်မှာ ခြေစွမ်းပြနေတဲ့ သူ့အနေနဲ့ နောက်ရာသီမှာ ရီးရဲလ်အသင်းဆီ ပြန်လာမယ့် မော်ရင်ဟိုရဲ့ လက်အောက်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။