တန်းဆင်းဇုန်တိုက်ပွဲက နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ရှိနေဦးမယ်လို့ ဝက်စ်ဟမ်းနည်းပြ နူနို အက်စပီရီတို ဆန်တိုအခိုင်အမာဆို
စနေနေ့ (မေလ ၂ ရက်) က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်အသင်းကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဝက်စ်ဟမ်းနည်းပြ နူနို အက်စပီရီတို ဆန်းတိုးက တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ရုန်းကန်ရတဲ့တိုက်ပွဲဟာ "နောက်ဆုံးမိနစ်အထိ အကြိတ်အနယ် ရှိနေဦးမှာပါ" လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေတဲ့ ဘရန့်ဖို့ဒ်အသင်းအတွက် အီဂေါ် သီယာဂို၊ မစ်ကယ် ဒမ်ဂတ်တို့ရဲ့ ဂိုးတွေအပြင် ကွန်စတန်တီနော့စ် မာဗရိုပါးနို့စ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးတွေကြောင့် အဖိုးတန် ၃ မှတ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
အရှေ့လန်ဒန်ကလပ် ဝက်စ်ဟမ်းဟာ လက်ရှိမှာ တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာမှာ ရှိနေသေးပေမဲ့ တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲမှာ တော့တင်ဟမ်က အက်စတွန်ဗီလာကို အနိုင်ရခဲ့ရင်တော့ တန်းဆင်းဇုန်ထဲကို ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ဘီဘီစီရဲ့ Match of the Day အစီအစဉ်နဲ့ တွေ့ဆုံရာမှာတော့ အက်စပီရီတို ဆန်းတိုးက တန်းဆင်းဇုန်တိုက်ပွဲဟာ "နောက်ဆုံးအချိန်အထိ အဆုံးအဖြတ်မပေါ်ဘဲ အကြိတ်အနယ် ရှိနေလိမ့်မယ်" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
"ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြချင်ပါတယ်" လို့ သူက ဆိုပါတယ်။
"ဘရန့်ဖို့ဒ်က တကယ်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းပါ။ ဒါပေမဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ တုံ့ပြန်ကစားပုံ၊ ဂိုးတိုင်ထိခဲ့တာတွေ၊ လူကျွံဘောကြောင့် ဂိုးအဖြစ် သတ်မှတ်မခံရတာတွေက ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ကို မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပင်နယ်တီပေးလိုက်ရတာက ကျွန်တော်တို့ကို ထိခိုက်စေခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ အလျင်စလိုဖြစ်သွားခဲ့ရပါတယ်" လို့ ၎င်းက ပြောပါတယ်။
"ဒီနေ့လို ခက်ခဲတဲ့ ရှုံးနိမ့်မှုကနေ ကျွန်တော်တို့ ဘယ်လိုပြန်ပြီး တုံ့ပြန်မလဲဆိုတာက ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတယ်။ ပထမပိုင်းအနားယူချိန်မှာ ဆွေးနွေးထားတဲ့ စီမံချက်တွေကို ပင်နယ်တီက အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ အဲဒီပင်နယ်တီဂိုးကို ရှောင်လွှဲလို့ရနိုင်ခဲ့ပေမဲ့ ပေးလိုက်ရတာက ကံမကောင်းတာပါပဲ။ အခြေအနေတွေနဲ့ ဝေဖန်သံတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာက ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတယ်။ အားလုံး စည်းစည်းလုံးလုံး ရှိကြရအောင်ပါ။ ကစားဖို့ ၃ ပွဲပဲ ကျန်ပါတော့တယ်။ နောက်ဆုံးပွဲအထိ အကြိတ်အနယ် ရှိနေမှာဖြစ်လို့ ကျွန်တော်တို့ စည်းလုံးဖို့ လိုပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။