ယူနိုက်တက်ကို ရှုံးခဲ့ပေမဲ့ ဘရန့်ဖို့ဒ်ရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်အပေါ် ကိသ်အန်ဒရူးစ် ယုံကြည်မှုရှိနေ
ပြီးခဲ့တဲ့ တနင်္လာနေ့ (ဧပြီလ ၂၇ ရက်) က မန်ယူအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဘရန့်ဖို့ဒ်မန်နေဂျာ ကိသ်အန်ဒရူးစ်ကတော့ သူ့အသင်းရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်အပေါ် ဆက်လက်ပြီး အကောင်းမြင်နေပါတယ်။
အိမ်ရှင် မန်ယူအသင်းအတွက် ကတ်စီမီရိုနဲ့ ဘန်ဂျမင်ဆက်စကိုတို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး အဆင့် (၃) နေရာကို ပိုမိုခိုင်မာအောင် လုပ်နိုင်ခဲ့သလို အဖိုးတန် နိုင်ပွဲတစ်ပွဲကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဥရောပဝင်ခွင့်အတွက် မန်ယူတစ်သင်းတည်းက ကြိုးစားနေတာ မဟုတ်ဘဲ လက်ရှိမှာ ရမှတ် ၄၈ မှတ်နဲ့ အဆင့် (၉) နေရာမှာ ရှိနေတဲ့ ဘရန့်ဖို့ဒ်အသင်းကလည်း ဥရောပဝင်ခွင့်ရဖို့ အခွင့်အရေး ရှိနေပါသေးတယ်။
ပွဲအပြီးမှာ Sky Sports နဲ့ အင်တာဗျူးရာမှာတော့ အန်ဒရူးစ်က အသင်းရဲ့ အခွင့်အရေးတွေအပေါ် အခုလိုပဲ ယုံကြည်ချက်ရှိရှိ ပြောကြားခဲ့ပါတယ်။
"အသင်းရဲ့ ကစားပုံအပေါ် ကျေနပ်ပါတယ်။ သူတို့က ကျွန်တော်တို့ထက် ပွဲစတာ ပိုကောင်းခဲ့လို့ အစပိုင်းမှာ အခက်တွေ့ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ တုံ့ပြန်မှုက တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ ပွဲချိန်အတော်များများမှာ ကျွန်တော်တို့ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ ရခဲ့တဲ့ အခွင့်အရေးတွေကိုတော့ အသုံးမချနိုင်ခဲ့ဘူး" လို့ သူက ဆိုပါတယ်။
"ပထမ ၁၀ မိနစ်နောက်ပိုင်းမှာတော့ အသင်းရဲ့ ကစားပုံကို ကဏ္ဍစုံကနေ ကြည့်ရတာ သဘောကျမိပါတယ်။ အခုလို ကွင်းမျိုးမှာ ဒီလိုပုံစံမျိုးနဲ့ ရဲရဲဝံ့ဝံ့ လာကစားနိုင်တာဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတာကို ပြသနေတာပါ။ နောက်ထပ်လုပ်ရမယ့် အဆင့်ကတော့ အခွင့်အရေးတွေကို အပိုင်အသုံးချပြီး ပြတ်သားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ပွဲတွေကို ကြည့်တဲ့သူတိုင်းဟာ ကျွန်တော်တို့ဆီမှာ စိတ်ဓာတ်ခွန်အားတွေ ဘယ်လောက်ရှိလဲဆိုတာ မြင်ကြမှာပါ။ အသင်းသားတွေကြားမှာလည်း အချိတ်အဆက် ကောင်းကောင်းရှိပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားကြပေမဲ့ ဒီလိုလိဂ်မျိုးမှာတော့ ရလဒ်ကောင်းရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရမှာပါပဲ။ ဒီနှစ်မှာ ကျွန်တော်တို့ရဲ့ ခရီးလမ်းက တကယ့်ကို ကောင်းမွန်ခဲ့တာကြောင့် အခုလို ကွင်းမျိုးမှာ ဒီလိုပုံစံနဲ့ လာကစားနိုင်ခဲ့တာ ဖြစ်ပါတယ်" လို့လည်း အန်ဒရူးစ်က ပြောပါတယ်။
ဥရောပဝင်ခွင့် တိုက်ပွဲနဲ့ ၆ ပွဲဆက် နိုင်ပွဲမရရှိသေးတဲ့ အခြေအနေအပေါ် သူက "ဒီညမှာ ယုံကြည်မှုတွေ အများကြီး တွေ့ခဲ့ရပါတယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ ရလဒ်ကောင်းရဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ အသင်းတစ်သင်းကို ကျွန်တော် မြင်ခဲ့ရပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။