ဂရင်းဝုဒ်ကို အရန်ခုံမှာထားရှိရခြင်းအကြောင်းရင်းကို မာဆေးလ်နည်းပြဟာဘစ်ဘီယေးရှင်းပြ
တနင်္ဂနွေနေ့၊ နိုက်စ်အသင်းနဲ့ အရေးကြီးလိဂ်ပွဲစဉ်မှာ ဂရင်းဝုဒ်ကို အရန်ကစားသမားစာရင်းမှာပဲ မြင်တွေ့ရလို့ မာဆေးလ်ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ နည်းပြဟာဘစ်ဘီယေးက လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်မှာကစားခဲ့တဲ့ လိုင်လီအသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တိုက်စစ်မှူးမှာ အခက်တွေ့နေဆဲဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
ပွဲမစတင်မီ ဘီယေးက အခုလိုအရန်ခုံမှာဂရင်းဝုဒ်ကိုထားရှိရမှုအပေါ် နည်းစနစ်ပိုင်း သို့မဟုတ် လက်ရှိခြေစွမ်းပိုင်းကြောင့်မဟုတ်ဘဲ သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကြောင့်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရာသီမှာ ၄၁ ပွဲ ကစားထားပြီး ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပေမဲ့ ဒဏ်ရာအခြေအနေ ပိုဆိုးမသွားအောင် ကလပ်အသင်းဘက်က သတိထားပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
"ဂရင်းဝုဒ်ရဲ့အခြေအနေကို အခုသီတင်းပတ်တလျှောက်လုံး ကျွန်တော်တို့ စောင့်ကြည့်ခဲ့ပါတယ်။ လိုင်လီနဲ့ပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် သူ့မှာ အကန့်အသတ်တွေ ရှိနေပါတယ်။ အခုဆို သူ နာကျင်မှုကို အောင့်ခံပြီး ကစားလာတာ နှစ်ပွဲရှိသွားပြီဖြစ်လို့ သူ့ကို အန္တရာယ်ဖြစ်စေမယ့် အခြေအနေအထိထိ ကျွန်တော်တို့ မတွန်းပို့ချင်ပါဘူး" လို့ ဘီယေးက ပြောပါတယ်။
ဂရင်းဝုဒ်က ပွဲချိန်နှောင်းပိုင်းမိနစ် ၃၀ ကို ပါဝင်ကစားခဲ့ပေမဲ့ မာဆေးလ်အသင်းရဲ့အိမ်ကွင်းသရေရလဒ်ကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။