ဝက်စ်ဟမ်းကို မရှုံးနိမ့်သင့်ဘဲ အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ ဆိုလိုက်တဲ့ အဲဗာတန်နည်းပြမိုယက်စ်
အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်က ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ရတဲ့ ရလဒ်အပေါ် တကယ်ကို စိတ်ပျက်မိတယ် ဝန်ခံပြောကြားလိုက်ပါတယ်။
အခုပွဲစဉ်ရဲ့ဒုတိယပို်ငးနာကျင်အချိန်ပိုမှာ ကော်လမ်ဝီလ်ဆင်ရဲ့သွင်းဂိုးနဲ့အတူ ဝက်စ်ဟမ်းတို့ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အဲဗာတန်အသင်းအတွက် ပွဲပြီးခါနီးမှာ လက်ထိဘောအခြေအနေမှတဆင့် ပယ်နယ်တီတောင်းဆိုခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က ငြင်းဆန်ခဲ့ပါတယ်။
ပွဲစဉ်အပြီး မိုယက်စ်က "အသင်းရဲ့ခြေစွမ်းကို အကောင်းဆုံးဆက်မထိန်းထားနိုင်ခဲ့လို့ စိတ်ပျက်ရပါတယ်။ ဒီနေ့ပွဲမှာရော၊ ပြီးခဲ့တဲ့သီတင်းပတ်ပွဲစဉ်မှာပါ ဂိုးတွေပေးခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့အသင်းရဲ့ပုံစံမဟုတ်ပါဘူး။ အခွင့်အရေးတစ်စုံတစ်ရာရရှိချင်တယ်ဆိုရင်တော့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်မယ့်နည်းလမ်းကို ကျွန်တော်တို့ ရှာဖွေဖို့ လိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ပင်နယ်တီ ငြင်းပယ်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း မိုယက်စ်က evertontv မှာ အခုလို ပြောခဲ့ပါသေးတယ်။ "VAR က အပြန်အလှန်လုံးထွေးနေကြတယ်လို့ ဆုံးဖြတ်ခဲ့တာ ထင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ တိုက်စစ်မှူးက လုံးထွေးနေတာ မဟုတ်ပါဘူး။ သူ့ကို လူကပ်ထားတဲ့ ကစားသမားကသာ နှစ်ဖက်စလုံးနဲ့ ဖက်ထားပြီး ဘောလုံးဆီ လက်ကို လွှဲလိုက်တာပါ။ သူက ဘောလုံးကို လက်နဲ့ ပုတ်ထုတ်လိုက်တာပါ။ ဒီအတွက် ပင်နယ်တီမပေးခဲ့တာကို ကျွန်တော် တကယ်ပဲ အံ့ဩမိပါတယ်။ VAR ကပဲ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ထင်ပါတယ်။ ဒီနေ့ VAR မှာ ဘယ်သူရှိနေလဲတော့ မသိပေမဲ့ သူတို့တွေ ဆုံးဖြတ်ချက် လုံးဝ မှားယွင်းခဲ့တယ်ဆိုတာတော့ သေချာပါတယ်"
ဒါ့အပြင် မိုယက်စ်က "တကယ်ဆိုရင် ကျွန်တော်တို့က ၂-၁ ဂိုးနဲ့ ရှုံးရမှာ မဟုတ်ဘဲ ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားရမယ့် အသင်းပါ၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲ့ဒီလို ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့ ရှုံးနိမ့်ဖို့ မထိုက်တန်ဘူးဆိုတာတော့ သေချာပါတယ်။ ပွဲစဉ်တစ်လျှောက် အချို့အချိန်တွေမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ အမှားအယွင်းရှိခဲ့တဲ့ အခိုက်အတန့်အချို့ ရှိခဲ့ပေမဲ့ ဘာရလဒ်မှ မရဘဲ လက်ဗလာနဲ့ ပြန်ခဲ့ရတယ်ဆိုတာကတော့ လုံးဝမထိုက်တန်ပါဘူး" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။