ယူနိုက်တက်စီနီယာအသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံရမှုအပေါ် စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့ သွိုက်စ်
မန်ချက်စတာယူနိုက်တက် လူငယ်ကစားသမား ဂျင်သွိုက်စ်ကတော့ စနေနေ့မှာ ကျင်းပခဲ့တဲ့ စီနီယာအသင်းပွဲစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခွင့်ရရှိခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းသာပီတိဖြစ်နေပါတယ်။
ချယ်လ်ဆီးအသင်းကို ၁ ဂိုး - ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်ရဲ့ပွဲစဉ်မှာ သွိုက်စ်ဟာ အရန်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ FA Cup ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက်လူငယ်အသင်း အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက်မှာ သူဟာ စီနီယာအသင်းဆီ ခေါ်ယူခြင်း ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
သူက "ကျွန်တော် တကယ်ကို ဝမ်းသာမိပါတယ်။ အမှန်အတိုင်းပြောရရင် သောကြာနေ့ညက ကစားခဲ့တဲ့ပွဲမှာ ကျွန်တော့်အနေနဲ့ အနိုင်ရဖို့အတွက်ပဲ အာရုံစိုက်ထားခဲ့တာပါ။ အသင်းလိုက် စုပေါင်းကြိုးစားမှုကြောင့်လည်း ကျွန်တော်တို့ အလုပ်ဖြစ်ခဲ့ပြီး နိုင်ပွဲရခဲ့ပါတယ်" လို့ The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။
"အဲဒီပွဲပြီးသွားတဲ့အချိန်မှာတော့ ချယ်လ်ဆီးနဲ့ကစားမယ့် စီနီယာအသင်းရဲ့ လူစားလဲစာရင်းမှာ ပါဝင်တယ်ဆိုတာကို သိလိုက်ရတာကြောင့် ကျွန်တော် အတိုင်းမသိ ပျော်ရွှင်သွားခဲ့ရပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် သွိုက်စ်က "စီနီယာကစားသမားတွေဆီကနေ အတတ်နိုင်ဆုံး သင်ယူဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တမ်းမှာ အဲဒီနေရာဟာ ကျွန်တော် ရောက်ချင်တဲ့နေရာ ဖြစ်နေလို့ပါ။ သူတို့ဆီက အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို ရသလောက် မှတ်သားနေတာကြောင့် အခုလို အခွင့်အရေးရတာကို ကျွန်တော် တကယ်ကို သဘောကျမိပါတယ်" လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။