The network connection is lost.

Banner Image

တော့တင်ဟမ်ကစားသမားတွေမှာ အရည်အသွေးနဲ့ ရည်မှန်းချက်အားနည်းနေတယ်လို့ အက်ဂါဒေးဗစ် ဝေဖန်

နယ်သာလန်ဂန္ထဝင် အက်ဂါးဒေးဗစ်က သူ့ရဲ့ကလပ်ဟောင်း တော့တင်ဟမ်အသင်းဟာ အရည်အသွေးနဲ့ ရည်မှန်းချက် အားနည်းနေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ 

တော့တင်ဟမ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်း အက်ဂါးဒေးဗစ်က အခုလို ကျဆင်းနေတဲ့ လန်ဒန်ကလပ်ကြီးအနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်လို့ အင်္ဂါနေ့မှာ AFP ကို ပြောကြားခဲ့ပြီး အသင်းရဲ့ အရည်အသွေးနဲ့ စီမံခန့်ခွဲမှုပိုင်း အားနည်းချက်တွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

တော့တင်ဟမ်ဟာ အဆိုးရွားဆုံး ရာသီတစ်ခုကို ဖြတ်သန်းနေရပြီး လက်ရှိမှာတော့ တတိယမြောက် နည်းပြနဲ့အတူ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်ရှိနေတာ ဖြစ်သလို ရာသီကုန်ဖို့ ၅ ပွဲအလိုမှာ ဘေးကင်းရာဇုန်နဲ့ ၂ မှတ်အကွာမှာ ရှိနေတာပါ။

နယ်သာလန် ကွင်းလယ်လူဟောင်း ဒေးဗစ်က လွန်ခဲ့တဲ့ ၃ ပတ်က အီတလီနည်းပြ ရော်ဘတ်တို ဒီဇာဘီကို ခန့်အပ်ခဲ့တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပေမဲ့ တော့တင်ဟမ်ရဲ့ ပရီးမီးယားလိဂ် အနာဂတ်အတွက်တော့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ တော့တင်ဟမ်ဟာ ဘာကြောင့် အခုလို အခြေအနေမျိုးအထိ ဖြစ်သွားရတာလဲလို့ AFP က မေးမြန်းတဲ့အခါမှာတော့ ဒေးဗစ်က "ဒါက ရှင်းရှင်းလေးပါ၊ ကိုယ်က နည်းနည်းပဲ ရင်းနှီးမြှုပ်နှံရင် နည်းနည်းပဲ ပြန်ရမှာပေါ့ ဒါဟာ အရည်အသွေး မရှိတာနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ အပါအဝင် အရာအားလုံးကြောင့်ပါပဲ" လို့ ပြောခဲ့ပါတယ်။ အေဂျက်စ်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာနဲ့ အင်တာမီလန်တို့မှာ ခြေစွမ်းပြခဲ့ပြီး ၂၀၀၅-၀၆ ရာသီမှာ တော့တင်ဟမ်အတွက် ကစားပေးခဲ့ဖူးတဲ့ ဒေးဗစ်က တော့တင်ဟမ်အနေနဲ့ ဒဏ်ရာပြဿနာတွေ ကြုံနေရတဲ့ အသင်းကို ဆောင်းရာသီ အပြောင်းအရွှေ့မှာ အင်အားဖြည့်တင်းခဲ့သင့်တယ်လို့လည်း ဆိုပါတယ်။

လာမယ့် ဩဂုတ်လမှာ ကျင်းပမယ့် မန်စီးတီး၊ ချယ်လ်ဆီး၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့ ပါဝင်မယ့် 'ဟောင်ကောင် ဘောလုံးပွဲတော်' အခမ်းအနားမှာ အသက် ၅၃ နှစ်အရွယ် ဒေးဗစ်က "ကျွန်တော်ကတော့ သူတို့ကို တန်းမဆင်းစေချင်ပါဘူး၊ ဒီဇာဘီကို ခန့်အပ်လိုက်တာက အရမ်းကောင်းတဲ့ ကိစ္စလို့ ထင်ပါတယ်၊ ဒါပေမဲ့ ဒါက ခက်ခဲတဲ့ အခြေအနေပါ။ သူတို့အနေနဲ့ ဆောင်းရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူပြီး အင်အားဖြည့်တင်းဖို့ တစ်ခုခု လုပ်ခဲ့သင့်တာ၊ ဒါက သိသာလွန်းတဲ့ ကိစ္စပါ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။