တော့တင်ဟမ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့မှုအပေါ် ဘရန့်ဖို့ဒ်နည်းပြအန်ဒရူးစ် အလွန်ကျေနပ်နေ
ဘရန့်ဖို့ဒ်အသင်းနည်းပြကိတ်အန်ဒရူးစ်က သြဂုတ် ၂၂ ရက်(စနေနေ့)၊ တော့တင်ဟမ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ သူ့အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အထူးကျေနပ်နေခဲ့ပါတယ်။
တော့တင်ဟမ်အသင်းက သုံးနှစ်ဆက်တန်းဆင်းဇုန်တိုက်ပွဲရင်ဆိုင်ရမယ့် အခြေအနေကို ရှောင်လွှဲနိုင်ဖို့အတွက် အခုနွေရာသီမှာ ပေါင် သန်း ၃၀၀ နီးပါးအသုံးပြုကာ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။
ဒါကြောင့် အန်ဒရူးစ်ကိုယ်တိုင် အကောင်းဆုံးပြင်ဆင်ထားတဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် တော့တင်ဟမ်အသင်းအပေါ် မျှော်လင့်ချက်တွေ အလွန်မြင့်မားခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘရန့်ဖို့ဒ်အသင်းက လီဝစ်ပေါ်တာ၊ ဂျနက်၊ ကာယိုဒီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ တော့တင်ဟမ်ကို အနိုင်ယူကာ အနိုင်သုံးမှတ်အပြည့် ရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး Match of the Day အစီအစဉ်မှာ အန်ဒရူးစ်က သူ့အသင်းရဲ့ ကွင်းတွင်းခြေစွမ်းအပေါ် အထင်ကြီးမိတယ်လို့ ပြောကြားခဲ့ပါတယ်။
"တကယ်ကို ကျေနပ်မိပါတယ်။ ခြေစွမ်းကောင်းတစ်ခု ထွက်ပေါ်လာတော့မယ်လို့ ခံစားခဲ့ရပေမဲ့ ရာသီကြိုအပြီးမှာတော့ အရာအားလုံးကို အတိအကျသိဖို့ဆိုတာ ခက်ခဲလွန်းပါတယ်" လို့ အန်ဒရူးစ်က ပြောကြားခဲ့ပါတယ်။
"တကယ့်လက်တွေ့မှာတော့ ရာသီရဲ့ပထမဆုံးပွဲစဉ်စတင်လာချိန်မှာ အခြေအနေတွေ အလျှင်အမြန်ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော်တို့ အတူတူစုစည်းမိလာတဲ့အချက်အပေါ် ရက်သတ္တပတ်အနည်းငယ်လောက်ကတည်းက ကောင်းမွန်တဲ့ ခံစားချက် ရှိနေခဲ့တာပါ။ အခုတော့ ကျွန်တော် တကယ်ကို ကျေနပ်မိပါတယ်။
ဒီနေ့မှာ ကျွန်တော်တို့ပရိသတ်တွေကိုယ်တိုင်လည်း အံ့ဩစရာ ကောင်းခဲ့ပါတယ်။ ဒီနေရာမှာ အပြန်အလှန်ချိတ်ဆက်မှုရှိနေတဲ့အချက်က အများကြီး ကူညီပေးပါတယ်။ ကျွန်တော်တို့ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့သလို ပရိသတ်တွေလည်း အပြည့်အဝ အားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့က အမြဲတမ်း ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ကစားသွားချင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က တကယ့်အသင်းတစ်ခုလိုမျိုး ပုံပေါ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။