ချာကီက မန်စီးတီးအတွက် မှော်ဆန်တဲ့စွမ်းဆောင်ရည်တွေပြသနေတယ်လို့ အိုရိုင်လေချီးကျူး
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးလူငယ်ကစားသမား နီကိုအိုရိုင်လေက ရာယန်ချာကီရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ အဆိုပါ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ချာကီက အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ လက်ကျန်တစ်ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမဲ့ ပရီးမီးယားလိဂ်ဇယားထိပ်က အသင်းနဲ့ ၃ မှတ်အကွာအထိ အနီးကပ် ဖိအားပေး လိုက်လာနိုင်ခဲ့ပါတယ်။
အိုရိုင်လေက စီးတီးမီဒီယာကို အခုလို ပြောပြခဲ့ပါတယ် - "သူက အခုလို မှော်ဆန်တဲ့ ကစားကွက်မျိုးတွေ ထုတ်ပြနိုင်တဲ့အခါ ကျွန်တော်တို့အားလုံးအတွက် ကစားရတာ ပိုပြီး လွယ်ကူသွားစေပါတယ်။ သူဟာ ဘယ်လောက်အထိ ကောင်းမွန်တဲ့ ကစားသမားလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြသလို အခုလို အရေးကြီးတဲ့ပွဲတွေမှာလည်း သူ့ရဲ့ အရည်အချင်းကို ကောင်းကောင်း ထုတ်ပြနိုင်ခဲ့တာပါ။ သူဟာ ကျွန်တော်တို့အားလုံးအတွက် တကယ်ကို အရေးပါတဲ့သူတစ်ယောက်ပါ"
"ကျွန်တော်လည်း ဒီပွဲကို အတော်လေး သဘောကျခဲ့ပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ နိုင်ပွဲတစ်ခုဖြစ်ပြီး ဒီနေ့မှာ ပရိသတ်တွေကလည်း အံ့ဩစရာကောင်းလောက်အောင် အားပေးခဲ့ကြပါတယ်။ အရာအားလုံးအတွက် ကျွန်တော် အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်နေမိပါတယ်" လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။