ကိုဗင်ထရီနည်းပြ ဖရန့်လမ်းပတ် ချန်ပီယံရှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ရရှိ
ကိုဗင်ထရီအသင်းကို ပရီမီးယားလိဂ်ဆီ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် နည်းပြ ဖရန့်လမ်းပတ်ဟာ ချန်ပီယံရှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ (ဧပြီလ ၁၇ ရက်) က ဘလက်ဘန်းအသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပွဲကစားချိန် ၈၅ မိနစ်ရောက်မှ ဘော်ဘီ သောမတ်စ် သွင်းယူပေးခဲ့တဲ့ ချေပဂိုးကြောင့် ရရှိခဲ့တဲ့ တစ်မှတ်ဟာ ကော်ဗင်ထရီအသင်းအတွက် တန်းတက်ဖို့ လုံလောက်သွားခဲ့တာပါ။
ကော်ဗင်ထရီအသင်းဟာ ၂၀၀၀-၀၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ထိပ်တန်းလိဂ်မှာ ပြန်လည်ကစားခွင့်ရတော့မှာဖြစ်ပြီး လမ်းပတ်ကတော့ သူရဲ့စွမ်းဆောင်ရည်တွေကြောင့် ချီးကျူးမှုတွေ အများအပြား ရရှိနေပါတယ်။
ချယ်လ်ဆီးဂန္ထဝင်ကစားသမားကြီးဟာ အခုဆိုရင် ချန်ပီယံရှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်ပြီး သူ့ရဲ့အသင်းဟာ ရာသီကုန်ဖို့ ၅ ပွဲအလိုမှာပဲ ဇယားထိပ်မှာ ဒုတိယနေရာကအသင်းကို ၁၀ မှတ်အသာနဲ့ ဦးဆောင်နေတာပါ။
ဆုရရှိပြီးနောက် လမ်းပတ်က "ကျွန်တော်တို့ ဘာတွေအောင်မြင်ခဲ့သလဲဆိုတာကို အဲဒီအချိန်မှာ ပြန်တွေးမိပြီး တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။"
"လွန်ခဲ့တဲ့ ၁၆ လက ဒီကလပ်ကို ကျွန်တော် စတင်ရောက်ရှိလာချိန်မှာ အခြေအနေတွေက အဆိုးဆုံးကနေ အကောင်းဆုံးကို ပြန်တက်လာခဲ့တာပါ။ ဘောလုံးဆိုတာက အမြဲတမ်း လူတွေနဲ့ ပရိသတ်တွေအတွက်ပဲ ဖြစ်ပြီး ဒါကို ကျွန်တော် အတော်လေး လွမ်းနေခဲ့တာပါ။"
"အရင်နည်းပြ မာ့ခ်ရော်ဘင်ရဲ့ လုပ်ဆောင်ချက်တွေ၊ အသင်းပိုင်ရှင် ဒေါ့ခ်ကင်းတို့ရဲ့ ပံ့ပိုးမှုတွေကို အသိအမှတ်ပြုရမှာဖြစ်သလို အခုလိုအချိန်လေးကိုလည်း တန်ဖိုးထားပါတယ်။ အခုဆိုရင် ကျွန်တော်ဟာ တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားစုနဲ့ အတူတူ အလုပ်လုပ်နေရတာပါ" လို့ ဆိုပါတယ်။
"အသင်းတစ်သင်းကို ရောက်သွားတဲ့အခါ ဘောလုံးအရည်အချင်းထက် သူတို့ကိုယ်သူတို့ ဘယ်လိုဂရုစိုက်လဲ၊ လေ့ကျင့်ခန်းကို ဘယ်လိုသေချာဆင်းလဲ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုကူညီကြလဲ၊ ဘယ်လိုပျော်ပျော်ရွှင်ရွှင်ရှိကြလဲဆိုတာတွေက ပိုပြီးအရေးကြီးပါတယ်။ ဒါတွေဟာ တကယ့်ကို တန်ဖိုးအရှိဆုံး အရာတွေပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
"ဒါဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ပုံပြင်တစ်ပုဒ်လိုပါပဲ၊ ဒီလိုခရီးစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း အများကြီး ဝမ်းသာပါတယ်" လို့ လမ်းပတ်က နိဂုံးချုပ် ပြောကြားသွားခဲ့ပါတယ်။