ဒုတိယအကျော့မှာလည်း လီဗာပူးကို အန်ဖီးလ်မှာအနိုင်ကစားပြမယ်လို့ဆိုလာတဲ့ အင်းနရစ်
ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးကို အနိုင်ရရှိပြီးနောက် ပတ်ဒ်ဒါပရင့်စ် အိမ်ကွင်းပရိသတ်တွေကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒီဆိုင်းယားဒူးယားနဲ့ ခဗစ်ချာ ကွာရတ်စခီလီယာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲအပြီးမှာ လူးဝစ်အင်းနရစ်က Canal+ ကို အခုလို ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ ပရိသတ်တွေ ပေးခဲ့တဲ့ အားပေးမှုတွေနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ အားပေးမှုတွေကလည်း အံ့ဩစရာကောင်းသလို ခြေစွမ်းကလည်း တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုးတွေရသင့်တာပါ။ ဂိုးတွေအများကြီး ထပ်မသွင်းနိုင်ခဲ့လို့ နည်းနည်းတော့ စိတ်ပျက်မိပေမဲ့ ဒါဟာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်ပဲလေ။"
"ထိပ်တန်းပြိုင်ဘက်တစ်သင်းနဲ့ ကစားရတဲ့ပွဲမှာ ကျွန်တော်တို့ တကယ့်ကို ကောင်းမွန်တဲ့ ခြေစွမ်းတစ်ခုကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူတို့က ကျွန်တော်တို့နဲ့ ကစားတဲ့အခါမှာ ကစားကွက်စနစ်ကို ပြောင်းလဲခဲ့ပေမဲ့ ကျွန်တော်တို့ကတော့ ဒါကို ကျင့်သားရနေပါပြီ။ အသင်းအများစုက ကျွန်တော်တို့နဲ့ ကစားရင် သူတို့ရဲ့ ပုံစံကို ပြောင်းလဲလေ့ရှိကြပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အသာစီးကစားနိုင်ခဲ့တဲ့ အနေအထားအရဆိုရင် ဒီထက်ပိုပြီး ဂိုးတွေ သွင်းနိုင်ခဲ့သင့်တာပါ" လို့ ဆိုပါတယ်။
အဲဒီပွဲမှာ နှစ်ဂိုးပဲ သွင်းနိုင်ခဲ့တဲ့အပေါ်မှာလည်း လူးဝစ်အင်းနရစ်က "ဒါဟာ ဘောလုံးပွဲပါပဲ၊ စိတ်ပျက်စရာတော့ မဟုတ်ပါဘူး။ ဒါကို လက်ခံရမှာဖြစ်သလို လီဗာပူးလို ထိပ်တန်းအသင်းတစ်သင်းနဲ့ ကစားတဲ့အခါမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်ဆိုတာကိုလည်း အသိအမှတ်ပြုရပါမယ်။ ကျွန်တော်တို့မှာ စိတ်ရှည်မှုရှိခဲ့သလို အတွေးအခေါ်တွေလည်း ရှင်းလင်းခဲ့ပါတယ်။ ကျွန်တော်တို့ ပရိသတ်တွေ ဘယ်လောက်တောင် ကောင်းမွန်သလဲဆိုတာကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ဒီနေ့ညမှာ ပြသခဲ့တဲ့ အရာတွေအတွက် ကျွန်တော်တို့ တကယ်ကို ဝမ်းသာမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပီအက်စ်ဂျီနည်းပြက လီဗာပူးကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်အကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
"အသင်းနှစ်သင်းကြားမှာ အဆင့်အတန်း ကွာခြားမှု မရှိပါဘူး။ ဒီနေ့မှာ ကျွန်တော်တို့ တကယ့်ကို ထိပ်တန်းပွဲတစ်ပွဲ ကစားခဲ့တာပါ။ ဒါပေမဲ့ အန်ဖီးလ်ကွင်းမှာ သွားကစားရဖို့က တကယ့်ကို ခက်ခဲလိမ့်မယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပေမဲ့ အဲဒီလိုအချိန်တွေမှာ ပိုပြီး သတိထားရပါလိမ့်မယ်။ ခက်ခဲမှာဖြစ်ပေမဲ့ ဘယ်ကွင်းမှာပဲ ကစားရပါစေ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကတော့ အတူတူပါပဲ။ ကျွန်တော်တို့ အဲဒီကို အနိုင်ရဖို့အတွက်ပဲ သွားမှာပါ" လို့ ၎င်းက ဆိုပါတယ်။
"ကျွန်တော်တို့ အဲဒီကိုသွားပြီး အနိုင်ရချင်စိတ်ရှိရမှာဖြစ်သလို အနိုင်ရဖို့အတွက်လည်း ဂိုးတွေ သွင်းရပါလိမ့်မယ်။ ရထားတဲ့ရလဒ်ကို ကာကွယ်ဖို့အတွက်ပဲ သွားကစားမယ်ဆိုတာမျိုးက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်မဟုတ်ပါဘူး။ ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်ပေမဲ့ အခက်အခဲတွေ ရှိလာနိုင်တာကိုလည်း သိထားပါတယ်" လို့ လူးဝစ်အင်းနရစ်က နိဂုံးချုပ် ပြောကြားသွားခဲ့ပါတယ်။