ကာရစ်ကြောင့် ယူနိုက်တက်မှာ ပိုမိုအဆင်ပြေလာကြောင်း ဖွင့်ဟလာတဲ့ လမ်မန်းစ်
မန်ချက်စတာယူနိုက်တက်ဂိုးသမား ဆန်နီလမ်မန်းစ်က သူ့ရဲ့နည်းပြ မိုက်ကယ်ကာရစ်ကို ချီးကျူးစကားတွေ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရူဘင်အမော်ရင်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ကာရစ်ဟာ ယူနိုက်တက်အသင်းကို ပရီမီယံလိဂ် အဆင့် (၃) နေရာအထိ ရောက်အောင် ပို့ဆောင်ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ အခုတစ်ပတ်မှာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနဲ့အတူ ရှိနေတဲ့ ဆန်နီလမ်မန်းစ်က ကာရစ်ရဲ့ ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။
"သူစရောက်တဲ့ ပထမဆုံးနေ့ကတည်းက အရာရာကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးခဲ့သလို လိုရင်းတိုရှင်းပဲ ပြောပါတယ်။ ကျွန်တော်တို့အတွက် အရမ်းခက်ခဲတာမျိုး ဒါမှမဟုတ် ရှုပ်ထွေးတာမျိုးတွေ မလုပ်ခဲ့ပါဘူး" လို့ ဆန်နီလမ်မန်းစ်က The Athletic ကို ပြောပါတယ်။ "တချို့နည်းပြတွေက သူတို့ရဲ့ စီမံချက်တွေကို အရမ်းရှုပ်ထွေးအောင် လုပ်တတ်ကြပါတယ်။ အဲဒီလိုအခါမျိုးမှာ ကစားသမားတိုင်းက အစီအစဉ်ထဲမှာ အပြည့်အဝ စီးမျောမပါဝင်နိုင်တော့သလို အားလုံးကို အဆင့်တစ်ခုတည်းရောက်အောင် လုပ်ဖို့ကလည်း ခက်ခဲသွားတတ်ပါတယ်" လို့ ဆိုပါတယ်။
အဲဒီအစား သူက ကာရစ်လက်ထက်မှာ ရရှိလာတဲ့ ရှင်းလင်းပြတ်သားမှုဟာ အဓိကကျတဲ့ အချက်ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ "ပထမဆုံးပွဲကတည်းက သူဘာကို လိုချင်တယ်ဆိုတာ ရှင်းနေခဲ့ပါတယ်။ သူက အရမ်းကြီး အဆင့်မြင့်လွန်းတာတွေကို မတောင်းဆိုဘဲ ကစားသမားတွေရဲ့ အားသာချက်ပေါ်မူတည်ပြီး အစွမ်းပြနိုင်အောင်ပဲ လုပ်ပေးခဲ့တာပါ။ အရင်ဆုံး ခံစစ်ကို ကျစ်လျစ်အောင် အာရုံစိုက်ပြီးမှ တိုက်စစ်ကစားသမားတွေက အဆုံးအဖြတ်ပေးနိုင်အောင် လုပ်ခဲ့တာက အကောင်းဆုံး ဖြစ်ခဲ့ပါတယ်" လို့ လမ်မန်းစ်က ရှင်းပြပါတယ်။
နောက်ထပ် ထူးခြားတဲ့ အပြောင်းအလဲတစ်ခုကတော့ အသင်းရဲ့ ခံစစ်တည်ငြိမ်မှုပဲ ဖြစ်ပါတယ်။ ကာရစ်က နောက်တန်း လေးယောက်တန်း ခံစစ်ပုံစံကို ပြောင်းလဲခဲ့ပြီး အဲဒါက ပွဲအတွင်းမှာ ပိုပြီးဟန်ချက်ညီစေတယ်လို့ ဆန်နီလမ်မန်းစ်က ယူဆနေပါတယ်။ "မိုက်ကယ်က ကျွန်တော်တို့ရဲ့ နောက်တန်းကို ယုံကြည်မှုနဲ့ တည်ငြိမ်မှုတွေ အများကြီး ပေးနိုင်ခဲ့ပါတယ်" လို့ ဆိုသလိုပဲ ဂိုးသမားဖြစ်သူက ဟယ်ရီမက်ဂွိုင်းယားရဲ့ အရေးပါတဲ့ လွှမ်းမိုးမှုကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ "ဥပမာပြောရရင် ကျွန်တော့်ရှေ့မှာရှိတဲ့ ဟယ်ရီမက်ဂွိုင်းယားဆိုရင်လည်း တကယ့်ကို ထူးချွန်လွန်းတဲ့ ကျောက်ဆောင်ကြီး (monster) တစ်ယောက်ဖြစ်လို့ သူ့လိုလူမျိုး ရှိနေတာက အမြဲတမ်း စိတ်ကျေနပ်စရာပါပဲ" လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။