ဆုဖလားတွေရရှိနိုင်မယ့် လမ်းကြောင်းမှန်ဆီ အဲဗာတန်အသင်း ရောက်ရှိနေပြီလို့ အခိုင်အမာပြောကြားလိုက်တဲ့ ဘရန့်ဝိတ်
အဲဗာတန်နောက်ခံလူဂျာရတ်ဘရန့်ဝိတ်က ဥရောပဝင်ခွင့်ရရှိရေးကြိုးပမ်းမှုမှာ အသင်းကိုကူညီဖို့အတွက် သူ ပြန်လာပြီလို့ ပြောကြားလိုက်ပါတယ်။
ဘရန့်ဝိတ်ဟာ တံကောက်ကြောဒဏ်ရာခွဲစိတ်ကုသမှုမှ ပြန်သက်သာလာခဲ့ပြီး အခုဆိုရင် ပရီးမီးယားလိဂ်ရာသီပိတ်လက်ကျန်ခုနစ်ပွဲကို ပါဝင်ကစားပေးနိုင်ပါတော့မယ်။
Liverpool Echo နဲ့တွေ့ဆုံချိန် ဘရန့်ဝိတ်က "ကျွန်တော်တို့ အသင်းသားတွေအားလုံး အခုရာသီမှာ ဥရောပပြိုင်ပွဲတွေဆီ ပြန်သွားနိုင်ဖို့ ရည်မှန်းထားတယ်ဆိုတာကို ဘယ်တုန်းကမှ မဖုံးကွယ်ထားခဲ့ပါဘူး။
ခက်ခဲတဲ့နှစ်ကာလအချို့ကို ဖြတ်သန်းခဲ့ရပြီးနောက်ပိုင်း ဒါက ရည်မှန်းချက်ကြီးမားတဲ့အရာတစ်ခု ဖြစ်ပေမဲ့ ကျွန်တော်တို့မှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အသွေးရှိတယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ရာသီရဲ့နောက်ဆုံးအပိုင်းကို ချဉ်းကပ်လာချိန်မှာလည်း ဒီပန်းတိုင်က ကျွန်တော်တို့အတွက် ရှိနေတုန်းပါပဲ။
အခုအချိန်မှာ အသင်းရှေ့ဆက်နိုင်ဖို့ ရည်မှန်းချက်တွေထားရှိပြီး ရှေ့ဆက်နေဖို့သာ မှန်ကန်တဲ့အရာ ဖြစ်ပါတယ်။ အခုဘောလုံးရာသီစတင်ချိန်၊ အိမ်ကွင်းသစ်၊ ပိုင်ရှင်သစ်နဲ့ နည်းပြရဲ့ပထမဆုံးရာသီကို အပြည့်အဝစတင်နိုင်မှုကြောင့် အခန်းကဏ္ဍသစ်တစ်ခု စတင်လိုက်သလို ခံစားရပါတယ်။
ကျွန်တော်တို့ တိုးတက်မှုတွေ ဆက်ပြီး ရယူချင်သလို နောက်ဆုံးမှာ အောင်မြင်မှုတွေလည်း ရယူပေးချင်ပါတယ်။ ကျွန်တော် ဒီမှာရှိနေတာ ၆ နှစ်ရှိပါပြီ။ အဲဒီအချိန်အတွင်း အများကြီးတွေ့ကြုံခဲ့ရပေမဲ့ အခုအချိန်မှာတော့ တကယ်ကို အကောင်းမြင်စိတ်တွေနဲ့ ပြည့်နေပါတယ်။ ဒီအခြေအနေကို ရေရှည်တည်တံ့စေဖို့လည်း မျှော်လင့်ပါတယ်။
ကစားသမားတစ်ဦးဆိုတာ ဆုဖလားတွေ ရယူဖို့ကိုပဲ စဉ်းစားလေ့ရှိပြီး အဲဗာတန်ရဲ့ ဆုဖလားငတ်မွတ်နေမှုကို အဆုံးသတ်ပေးနိုင်မယ့် အသင်းမှာ ပါဝင်ခွင့်ရတယ်ဆိုတာ တကယ့်ကို ကြီးကျယ်ခမ်းနားလှပါတယ်။ ဒါက တန်းဆင်းဇုန်အတွက် ရုန်းကန်နေရတဲ့အသင်းမျိုး မဟုတ်တော့ပါဘူး။ ကျွန်တော်တို့က အောင်မြင်မှုကိုပဲ လိုချင်တာပါ။
အသင်းသွားနေတဲ့ လမ်းကြောင်း၊ နည်းပြလက်အောက် အသင်းရဲ့ပုံစံကောင်းနဲ့ ကိုယ်ပိုင်ဟန်ကို တည်ဆောက်နေမှုတွေကြောင့် နောက်လာမယ့်နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ အောင်မြင်မှုတွေ သေချာပေါက်ရယူနိုင်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။