The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမတိုင်မီ ကစားသမား ၅၅ ဦးပါ အကြိုလူလူစာရင်းကို ထုတ်ပြန်သွားမယ်လို့ စတိဗ်ကလပ်ခ်ဆို

စကော့တလန်အသင်းနည်းပြစတိဗ်ကလပ်ခ်က ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အကြိုရွေးချယ်ထားတဲ့ ကစားသမား ၅၅ ဦးပါဝင်တဲ့ လူစာရင်းကို ထုတ်ပြန်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ဖီဖာ(FIFA) ရဲ့သတ်မှတ်ချက်အရ လက်ရွေးစင်ကစားသမား ၂၆ ဦးအထိ မလျှော့ချခင် မေ ၁၁ ရက်မှာ ကစားသမားအရေအတွက်ပိုများမယ့် အကြိုလူစာရင်းကို အရင်တင်ပြရဖို့ ရှိနေပါတယ်။

ဒီအပေါ်မှာ ကလပ်ခ်က "ဒါ ဖီဖာရဲ့ပြဋ္ဌာန်းချက်တစ်ခုပါ။ လူစာရင်းထဲမှာ ၅၅ ဦးလောက်ကို အမည်စာရင်းပေးရမယ် ထင်ပါတယ်၊ အဲဒီထဲမှာ ကျွန်တော်က နံပါတ် ၅၅ နေရာက ပါမယ်ထင်တယ်" လို့ စနောက်ပြီး အစပြုပြောခဲ့ပါတယ်။

"ဒါပေမဲ့ ၅၅ ဦးစာရင်းကိုတော့ သေချာပေါက် ရအောင်ရှာပါမယ်။ အဲဒီ ၅၅ ဦးအနက် လက်ရွေးစင် ၂၆ ဦးကို ပြန်ရွေးချယ်ရပါမယ်။ ဒါက ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ့် ဖီဖာရဲ့ စည်းမျဉ်းတစ်ခုပါပဲ။ နောက်မှ ထပ်တိုးတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဘယ်သူ့ကိုမှ မေ့မကျန်ခဲ့ဖို့တော့ မျှော်လင့်ရတာပဲ။ ဒါကို ကျွန်တော်တို့ သေချာပြင်ဆင်သွားပါမယ်။ အသင်းမှာ လက်ထောက်နည်းပြ စတီဗင်နိုက်စမစ်လည်း ရှိနေတော့ သူလည်း နောက်ထပ်တစ်ပွဲလောက် ထပ်ကစားချင်နေဦးမယ် ထင်တယ်" လို့ သူက ဆိုပါတယ်။

နောက်ဆုံးလူစာရင်းမှာ မပါဝင်နိုင်တဲ့ ကစားသမား ၂၉ ဦးဆီ ဖုန်းဆက်ပြီး အကြောင်းကြားမှာလားလို့ မေးမြန်းရာမှာတော့ "မဟုတ်ပါဘူး၊ ၅၅ ဦးလုံးကိုတော့ လိုက်ပြီး ဖုန်းဆက်နေမှာ မဟုတ်ပါဘူး။ မေလအတွင်း လူစာရင်းထဲ မပါဝင်တဲ့သူတွေကို အကြောင်းကြားဖြစ်တဲ့အခါ သူတို့ကို အမြဲအသင့်ဖြစ်နေဖို့ပဲ ပြောသွားပါမယ်။ ပထမဆုံးပွဲစဉ်မစခင်အထိ ကစားသမားတွေကို ပြောင်းလဲခွင့်ရှိတယ်လို့ ထင်ပါတယ်။ ပြိုင်ပွဲစတင်သွားပြီဆိုရင်တော့ ဂိုးသမားနေရာကိုပဲ ပြောင်းလဲခွင့်ရှိပါတော့တယ်" လို့ ကလပ်ခ်က ရှင်းပြပါတယ်။

ဒါ့အပြင် ၎င်းက "အရန်သင့်စောင့်ဆိုင်းနေရမယ့် ကစားသမားအချို့လည်း ရှိနေပြီး သူတို့ကိုယ်တိုင်လည်း သိထားကြပါလိမ့်မယ်။ ဒါပေမဲ့ အရန်လူစာရင်းကိုတော့ လူသိရှင်ကြား ထုတ်ပြန်မှဖို့မရှိဘဲ လက်ရွေးစင် ၂၆ ဦးစာရင်းကိုပဲ ကြေညာသွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။

စကော့တလန်အသင်းက ဒီညမှာတော့ ကူရာကာအိုအသင်းနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ ရှိနေပါတယ်။