ဘာစီလိုနာသို့အပြီးသတ်ပြောင်းရွှေ့လိုပါက အယ်လ်ဟီလယ်မှထွက်ခွာဖို့ ကိုယ်တိုင်ညှိနှိုင်းရမယ့် ကန်ဆယ်လို
အယ်လ်ဟီလယ်လ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းနိုင်ဖို့ ကိုယ်တိုင်ညှိနှိုင်းဖို့ ဂျာအို ကန်ဆယ်လိုကို ဘာစီလိုနာအသင်းက ပြောကြားလိုက်ပါတယ်။ အယ်လ်ဟီလယ်လ်ကနေ ဘာစီလိုနာကို အပြီးသတ်ပြောင်းရွှေ့ချင်တယ်ဆိုရင်တော့ လက်ရှိစာချုပ်ကို ဖျက်သိမ်းနိုင်ဖို့အတွက် ကိုယ်တိုင်ပဲ ညှိနှိုင်းရလိမ့်မယ်လို့ ဘာစီလိုနာအသင်းက ကန်ဆယ်လိုကို အသိပေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၁ နှစ်အရွယ် ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းဆီ ဒုတိယအကြိမ်မြောက် အငှားစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၁၂ ပွဲကစား၊ ၁ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပါတယ်။ ဒီပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ နည်းပြ ဟန်ဆီ ဖလစ်ရဲ့အသင်းမှာ အပြီးသတ် ဆက်နေချင်ပေမဲ့ ဘာစီလိုနာအသင်းဘက်ကတော့ ကန့်သတ်ချက်တစ်ခု တောင်းဆိုထားတာပါ။
Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ အယ်လ်ဟီလယ်လ်နဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကနေ လွတ်မြောက်အောင် ကိုယ်တိုင်ညှိနှိုင်းဖို့ ကန်ဆယ်လိုကို ပြောထားတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိကြုံတွေ့နေရတဲ့ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ကန်ဆယ်လိုအတွက် ပြောင်းရွှေ့ကြေးမပေးလိုဘဲ အခုလိုနည်းလမ်းနဲ့ အလွတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။