The network connection is lost.

Banner Image

အခုရာသီ၊ တန်းဆင်းဇုန်အန္တရာယ်နဲ့ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ ဥရောပကလပ်အသင်းကြီးငါးခု

“ဒီလောက်ကြီးမားတဲ့အသင်းတွေ တန်းမဆင်းရလောက်ပါဘူး” ဆိုတဲ့ စကားရပ်အတွက် အခုအချိန်မှာ စိန်ခေါ်မှုတွေ အများဆုံးထွက်ပေါ်လာနေပါပြီ။ ဥရောပရဲ့နာမည်ကြီးကလပ်အသင်းအတော်များများက အခုဘောလုံးရာသီမှာ တန်းဆင်းရမယ့်အန္တရာယ်နဲ့ အကြီးအကျယ်ရင်ဆိုင်နေရပါတယ်။ ဒီအသင်းတွေအနက် အသင်းတစ်ခုခုသာ တန်းဆင်းသွားမယ်ဆိုရင် တုန်လှုပ်စရာကောင်းတဲ့ သတင်းဖြစ်လာနိုင်သလို အားလုံးမှာလည်း တန်းဆင်းသွားနိုင်ခြေ အမှန်တကယ် ရှိနေပြန်ပါတယ်။

ဒီရာသီမှာ တန်းဆင်းရဖို့ အန္တရာယ်အရှိဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းကြီး ၅ သင်းကတော့ -

တော့တင်ဟမ်
ပြီးခဲ့တဲ့နှစ်မှာ တော့တင်ဟမ်က အမှတ်ပေးဇယားအဆင့်-၁၇ နေရာနဲ့ ရာသီသိမ်းခဲ့လို့ အခုလိုအခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတွေးထားသင့်ပေမဲ့ အခုလောက်အထိ ဆိုးရွားသွားမယ်လို့တော့ ဘယ်သူမှ မခန့်မှန်းမိခဲ့ကြပါဘူး။ တကယ်တော့ သူတို့က ပြီးခဲ့တဲ့ရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာဗိုလ်စွဲဖို့ အာရုံစိုက်ခဲ့လို့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ယိမ်းယိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဇယားအောက်ခြေမှာရှိနေတဲ့ကလပ်အသင်းသုံးခုကိုယ်တိုင်လည်း တော့တင်ဟမ်ကိုကျော်တက်ဖို့ အခွင့်အရေး လုံးဝမရှိခဲ့ပါဘူး။

ဒါပေမဲ့ ဒီရာသီမှာတော့ အခြေအနေက လုံးဝခြားနားသွားပါတယ်။ တော့တင်ဟမ်က ရာသီအစမှာကတည်းက ခြေစွမ်းပိုင်းညံ့ဖျင်းခဲ့ပြီး နည်းပြသောမတ်စ်ဖရန့်ခ်လည်း အသင်းကို လမ်းကြောင်းမှန်ဆီရောက်ရှိအောင် မစွမ်းဆောင်နိုင်လို့ ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။ သူ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ အီဂေါတူလက်ထက်မှာလည်း အခြေအနေတွေ ပိုဆိုးရွားသွားခဲ့ပြီး အခု ၂၀၂၆ ခုနှစ်အတွင်း လိဂ်နိုင်ပွဲလုံး၀မရရှိသေးပါဘူး။ အခုတော့ အသင်းကို ဒီအကျပ်အတည်းကြားမှ ဆွဲထုတ်နိုင်ဖို့ နည်းပြသစ်ထပ်ရှာဖို့တောင် အလေးအနက် စဉ်းစားနေကြပါပြီ။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာလည်း ဘ၀တူပြိုင်ဘက်နော်တင်ဟမ်ဖောရက်စ်ကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ တော့တင်ဟမ်နဲ့ တန်းဆင်းဇုန်အကြား တစ်မှတ်သာ ကွာဟလာပါတယ်။

ဆီဗီလာ
ဆီဗီလာရဲ့တဖြည်းဖြည်းကျဆင်းလာပုံက တော့တင်ဟမ်နဲ့ တော်တော်လေး တူညီပါတယ်။ အတိတ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် အမြဲရရှိပြီး ဥရောပအဆင့်အောင်မြင်မှုတွေနဲ့ဝေဆာခဲ့တဲ့အသင်းက အခုတော့ အသင်းလူစာရင်းပိုင်းစုဖွဲ့မှုအမှားတွေနဲ့အတူ ပြည်တွင်းလိဂ်မှာ ရလဒ်တွေဆိုးရွားကာ တန်းဆင်းဇုန်တိုက်ပွဲနဲ့ ဆက်တိုက်ရင်ဆိုင်နေရပါတယ်။

ဆီဗီလာအသင်းက ပြီးခဲ့တဲ့ရာသီမှာလည်း ရာသီပိတ်နောက်ဆုံးလေးပွဲမှာ သုံးပွဲရှုံးနိမ့်ပြီး တန်းဆင်းဇုန်နဲ့ လက်မတင်လေး လွဲချော်လာခဲ့ပါတယ်။ အခုလည်း လိဂ်ပွဲစဉ်ထက်ဝက်နီးပါးကို ရှုံးနိမ့်ထားပြီး တန်းဆင်းဇုန်အထက် ၃ မှတ်အကွာမှာပဲ ရှိနေပါတယ်။

နောက်ပိုင်းပွဲစဉ်တွေမှာ အမှတ်ပေးဇယားအောက်ခြေမှာရှိတဲ့ ကလပ်အသင်းငါးခုက ဆီဗီလာထက်စာရင် နိုင်ပွဲတွေ ပိုမိုရရှိထားကြပါတယ်။ ဆီဗီလာကတော့ ၄ ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေလို့ နည်းပြအယ်လ်မေဒါကိုတောင် ရာထူးမှ ထုတ်ပယ်ထားပါတယ်။ သူတို့အတွက် နောက်ထပ်လာမယ့်ပွဲစဉ်ပြိုင်ဘက်က အမှတ်ပေးဇယားအောက်ဆုံးနေရာရှိ အိုဗီဒိုဖြစ်လို့ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။

ဖီအိုရင်တီးနား
ဖီအိုရင်တီးနားရဲ့ကျဆင်းမှုကတော့ တော်တော်လေးမြန်ဆန်ပြီး မမျှော်လင့်ထားတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဖီအိုရင်တီးနားက ပြီးခဲ့တဲ့လေးရာသီဆက်တိုက် အမှတ်ပေးဇယားထိပ်ဆုံးရှစ်သင်းစာရင်းမှာ ရပ်တည်နိုင်ခဲ့သလို ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲ နှစ်ကြိမ်၊ ကိုပါအီတာလီယာဖလားဗိုလ်လုပွဲတစ်ကြိမ် ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီဖိုင်နယ်သုံးကြိမ်လုံးမှာ သူတို့တွေ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီရာသီမှာတော့ သူတို့အတွက် ခက်ခဲနေပြီး အဆင့် ၁၇ ရှိ ခရီမိုနီစီနဲ့ အဆင့် ၁၈ ရှိ လက်ချီတို့နဲ့ နှစ်မှတ်ပဲ ကွာဟပါတော့တယ်။ တကယ်တော့ သူတို့ရဲ့အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ကံမကောင်းတာလို့ပဲ ပြောရပါလိမ့်မယ်။ ဂိုးရနိုင်ခြေ (expected goals) တွက်ချက်မှုအရ စီးရီးအေမှာ ပဉ္စမမြောက်အကောင်းဆုံးဖြစ်နေပေမဲ့ အမှန်တကယ်သွင်းဂိုးရရှိမှုအပိုင်းမှာတော့ အတော်လေး ညံ့ဖျင်းနေပါတယ်။

လိဂ်နောက်ဆုံးခုနစ်ပွဲမှာ အင်တာမီလန်နဲ့ သရေကျမှုအပါအဝင် တစ်ပွဲသာ ရှုံးနိမ့်ထားလို့ ဖီအိုရင်တီးနားရဲ့အခြေအနေ ပြန်ကောင်းလာတယ်လို့ ပြောလို့ရပါတယ်။ သူတို့လည်း ရှင်သန်နိုင်ရေးအတွက် အပြင်းအထန်တိုက်ပွဲဝင်သွ‌ားရပါဦးမယ်။

ဝုဖ်ဘတ် 
ဝုဖ်ဘတ်ရဲ့ အခြေအနေကတော့ တကယ်ကို စိတ်ပျက်စရာကောင်းနေပါပြီ။ အခုဆိုရင် အမှတ်ပေးဇယားအောက်ခြေရဲ့ ဒုတိယမြောက်နေရာမှာ ရှိနေသလို နှစ်လကျော်နိုင်ပွဲပျောက်ဆုံးထားလို့ တန်းဆင်းဇုန်မှလွတ်မြောက်မယ့်နေရာနဲ့ သုံးမှတ်အထိ ကွာဟနေပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် သူတို့ရဲ့နောက်ဆုံးနိုင်ပွဲက အမှတ်ပေးဇယားမှာ သူတို့အထက်ရပ်တည်နေတဲ့ စိန့်ပေါ်လီနဲ့ပွဲစဉ်ပါ။ ဒီအတိုင်းဆိုရင်တော့ သူတို့လည်း ဟိုင်ဒန်ဟမ်နဲ့အတူ ဒုတိယတန်းဆီ ဆင်းရဖို့ ရှိနေပါတယ်။ စိန့်ပေါ်လီကို ကျော်တက်နိုင်မယ်ဆိုရင်တောင် ဒုတိယတန်းကလပ်အသင်းတစ်ခုခုနဲ့ တန်းတက်/တန်းဆင်း ပလေးအော့ဖ်ကို ကစားရပါဦးမယ်။

ကိုပင်ဟေဂင်
ဒီစာရင်းထဲမှာပါဝင်တဲ့ တခြားကလပ်တွေလောက် နာမည်မကြီးပေမဲ့ ကိုပင်ဟေဂင်ဆိုတာ ဒိန်းမတ်ဘောလုံးလောကရဲ့ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး ကလပ်ဖြစ်ပြီး နှစ်တိုင်းလိုလို ဥရောပပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ သူတို့တွေက ပြီးခဲ့တဲ့နှစ်၊ ဒိန်းမတ်လိဂ်မှာ ဗိုလ်စွဲခဲ့လို့ အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲကိုတောင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပါသေးတယ်။

ဒါပေမဲ့ အခုတော့ နိုဝင်ဘာလကတည်းက လိဂ်နိုင်ပွဲမရသေးဘဲ တန်းဆင်းဇုန်နဲ့ ၆ မှတ်ပဲ ကွာဟပါတော့တယ်။ ဒိန်းမတ်လိဂ်က ဒီဇင်ဘာမှ ဖေဖော်ဝါရီအထိ ဆောင်းရာသီအားလပ်ရက်ယူခဲ့လို့ နိုင်ပွဲပျောက်ဆုံးမှုကြာမြင့်နေသလို ဖြစ်နေပေမဲ့ နောက်ပိုင်းရလဒ်တွေကတော့ တကယ့်ကို ထူးထူးဆန်းဆန်း ဆိုးရွားနေပါတယ်။ သူတို့ဟာ ဒိန်းမတ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲဆီတက်ရောက်ထားသလို ချန်ပီယံလိဂ်မှာ ဗီလာရီးယဲလ်နဲ့ ကိုင်ရတ်တို့ကို အနိုင်ယူခဲ့ပေမဲ့ လိဂ်မှာတော့ အဆင်မပြေဖြစ်နေပါတယ်။

ကိုပင်ဟေဂင်က လိဂ်ပြန်စပြီးနောက် ၆ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားပြီး ၁ ပွဲပဲ သရေကျထားပါတယ်။ အောက်အသင်းတွေက ရမှတ်တိုးပွားလာချိန် သူတို့ကတော့ အောက်ကို ကျဆင်းလာနေပါတယ်။ တန်းဆင်းဇုန်ထဲမှာ အခြားကလပ်အသင်းငါးခု ရှိနေတာနဲ့ ခြောက်မှတ်ကွာဟနေမှုက ကိုပင်ဟေဂင်အတွက် အားကိုးစရာဖြစ်နိုင်ပေမဲ့ လက်ကျန်ရှစ်ပွဲမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။