The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်သို့ပြောင်းရွှေ့ဖို့ နီးစပ်လာတဲ့ ဘုန်းမောက်နည်းပြ အီရာအိုလာ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နည်းပြ အိုလီဗာဂလက်စနာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘုန်းမောက်အသင်းက အီရာအိုလာကို အရခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

စပိန်ကလပ် အသလက်တစ်ဘီလ်ဘာအိုအသင်းက အဆိုပါ စပိန်လူမျိုးနည်းပြကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းလာပြီးနောက်မှာပဲ ပဲလေ့စ်အသင်းကလည်း အီရာအိုလာကို စိတ်ဝင်စားကြောင်း ကြေညာကာ ကြားဖြတ်ဝင်ရောက်လာခဲ့တာပါ။ သတင်းတွေအရ အီရာအိုလာဟာ ဘုန်းမောက်အသင်းကနေ ထွက်ခွာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ပဲလေ့စ်အသင်းဟာ အခုရာသီကုန်မှာ အိုလီဗာဂလက်စနာနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး အီရာအိုလာရဲ့ လက်ရှိစာချုပ်ကလည်း ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အတွက် တောင်လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေးကောင်းတစ်ခု ပွင့်လင်းလာခဲ့တာပါ။

မန်ယူအသင်းနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာတော့ အီရာအိုလာက ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ခဲ့ကာ သူဟာ လက်ရှိကလပ်မှာပဲ ကျေနပ်ပျော်ရွှင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

"မဟုတ်ပါဘူး၊ ဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ဒီကလပ်ဟာ ကျွန်တော့်ကလပ်ဖြစ်တဲ့အတွက် ပရိသတ်တစ်ယောက်အနေနဲ့တော့ စိတ်ဝင်စားမိနိုင်ပေမဲ့ ဒါက လက်ရှိအခြေအနေအပေါ် သက်ရောက်မှုမရှိပါဘူး။ ကျွန်တော် ဒီမှာ အရမ်းပျော်နေတယ်လို့ အကြိမ်ကြိမ် ပြောဖူးပါတယ်။ အသင်းနဲ့လည်း အဆင်ပြေတဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါတွေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တစ်ခု ချရမှာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဒါမျိုးက ကျွန်တော့်ရဲ့ နည်းပြသက်တမ်းတစ်လျှောက် ကြုံဖူးနေကျ အခြေအနေမျိုးပါပဲ။ ကျွန်တော့်အတွက်တော့ အသစ်အဆန်းမဟုတ်ပါဘူး" လို့ အီရာအိုလာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အသလက်တစ်ဘီလ်ဘာအိုရဲ့ စိတ်ဝင်စားမှုကို ရရှိထားပြီးနောက် ပဲလေ့စ်အသင်းကလည်း ပရီးမီးယားလိဂ်အသင်းအချင်းချင်း ကြားထဲမှာ တွေ့ရခဲတဲ့ အံ့အားသင့်စရာ ကမ်းလှမ်းမှုတစ်ခုလုပ်ဖို့ စဉ်းစားနေတယ်လို့ The Telegraph သတင်းစာက ဖော်ပြထားပါတယ်။

အီရာအိုလာဟာ အင်္ဂလန်မှာ နည်းပြလုပ်ခဲ့တဲ့ ၃ နှစ်နီးပါးကာလအတွင်း လိဂ်ပွဲပေါင်း ၁၀၇ ပွဲမှာ ၃၇ ပွဲ အနိုင်ရထားပြီး သူ့အသင်းက ၁၅၈ ဂိုး သွင်းယူကာ ၁၆၁ ဂိုး ပေးခဲ့ရပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့အသင်းဟာ ပဲလေ့စ်အသင်းရဲ့ အထက်မှာ ရှိနေပြီး ကျန်ရှိနေတဲ့ ရာသီပိတ် ၇ ပွဲမှာ ဥရောပဝင်ခွင့်တစ်နေရာရဖို့ ကြိုးပမ်းနေပါတယ်။ ဒီရာသီကုန်သွားတဲ့အခါမှာတော့ သူ့ကို စိတ်ဝင်စားတဲ့ ကလပ်အသင်းတွေ ပိုမိုများပြားလာတာကြောင့် သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။