ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူကိုင်တွယ်မယ်ဆိုတဲ့ သတင်းတွေအပေါ် ဂျာဂင်ကလော့ပ် တုံ့ပြန်
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြသစ်အဖြစ် ဘောလုံးလောကဆီ စိတ်လှုပ်ရှားဖွယ် ပြန်လည်ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းတွေကို ယာဂန်ကလော့ပ်က ပယ်ချလိုက်ပါတယ်။
ဂျာမန်သားက ၂၀၂၄ ခုနှစ်မှာ လီဗာပူးအသင်းနဲ့ ကိုးနှစ်ကြာလက်တွဲမှုကို အဆုံးသတ်ခဲ့ပြီးနောက် ဘောလုံးလောကနဲ့ ဝေးကွာနေခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ ဇန်နဝါရီလမှစတင်ကာ Red Bull အဖွဲ့အစည်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးရေးရာအကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
အန်ဖီးလ်မှာရှိစဉ်အတွင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးပေးခဲ့တဲ့ ကလော့ပ်က ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဒါမှမဟုတ် နည်းပြအန်းစလော့နေရာအပြောင်းအလဲလုပ်ဖို့ လီဗာပူးအသင်းအကြီးအကဲတွေ ဆုံးဖြတ်ရင် အစားထိုးဖို့အတွက် ဘောလုံးလောကဆီ ပြန်ဝင်လာမယ်ဆိုတဲ့ သတင်းတွေ အမြဲတစေထွက်ပေါ်ခဲ့ပါတယ်။
အခုနောက်ဆုံးမှာတော့ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အလွန်ဆီဆီမှ ရာထူးလက်ခံခဲ့တဲ့ အာဘီလိုအာလက်အောက်မှာ ရလဒ်ပိုင်းဆိုးရွားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူဖို့ ကလော့ပ်ရောက်ရှိလာလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Magenta TV က ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ကလော့ပ်က ဒီသတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။ "ဒီအကြောင်းကို အခုလို ပြောဖြစ်တာ ကောင်းပါတယ်။ သတင်းဆိုတာ ဘယ်အချိန်မှာ ဖြစ်လာတာလဲ။ တစ်ယောက်ယောက်က စာရွက်တစ်ရွက်ပေါ်မှာ တစ်ခုခု ရေးလိုက်တဲ့အခါလား၊ ဒါမှမဟုတ် တကယ်တမ်း ဖြစ်ပျက်နေတာမျိုး ရှိတဲ့အခါလား။ ရီးရဲလ်မက်ဒရစ်ကဖြစ်ဖြစ်၊ ဒါမှမဟုတ် ဥက္ကဋ္ဌပီရက်ဇ်ကဖြစ်ဖြစ် ကျွန်တော့်ဆီ ဖုန်းဆက်ပြီး 'ကလော့ပ်ရေ၊ မင်း စိတ်ဝင်စားလား' လို့ မေးခဲ့လို့လား။ ဒါမှမဟုတ် AI တစ်ခုခုက ရေးလိုက်တဲ့ အဓိပ္ပာယ်မရှိတဲ့စာသားတွေကပဲ သတင်းဖြစ်သွားတာလား။ ဒါက တကယ်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ တကယ်လို့ ရီးရဲလ်မက်ဒရစ်က ကျွန်တော့်ဆီ ဖုန်းဆက်ခဲ့ရင် ခင်ဗျားတို့လည်း ကြားသိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ ဖုန်းမဆက်ခဲ့ပါဘူး" လို့ ကလော့ပ်က ဆိုပါတယ်။
ဆက်လက်ပြီး သူက "နောက်ထပ် ဘာဖြစ်ဦးမှာလဲ၊ ကျွန်တော်က အက်သလက်တီကိုမက်ဒရစ်အသင်းကိုပါ တစ်ပြိုင်တည်း တာဝန်ယူရဦးမှာလား။ စိတ်မကောင်းပါဘူး မက်ဒရစ်တို့ရေ။ ကျွန်တော့်ဘက်က တစ်ခုခု ပြောနိုင်ဖို့ဆိုရင် သူတို့က အရင်ဆုံးဖုန်းဆက်ဖို့ လိုပါလိမ့်မယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ကလော့ပ်ကို ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်းရဲ့နေရာမှာ ဆက်ခံမယ့်သူလို့လည်း ခန့်မှန်းနေကြပေမဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်းရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။
"လောလောဆယ်မှာတော့ အဲဒီအကြောင်းကို လုံးဝမစဉ်းစားသေးပါဘူး။ နောက်နှစ်တွေမှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ၊ ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစီအစဉ်လုံးဝမရှိသေးပါဘူး" လို့ ကလော့ပ်က ပြောကြားသွားခဲ့ပါတယ်။