အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီကို လှောင်ပြောင်ကျီစယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်စ်
ပြီးခဲ့တဲ့သီတင်းပတ်ဒါဘီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမားဗင်နီစီးယက်စ်က အက်သလက်တီကိုမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီကို အနိုင်ရခါနီးအချိန် လှောင်ပြောင်ကျီစယ်ခဲ့မှုကို သဘောကျနေပုံရပါတယ်။
ဒီပွဲမှာ ဘရာဇီးကြယ်ပွင့်က အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ၃-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲပြီးခါနီးအချိန် လူစားလဲခံခဲ့ရပါတယ်။
ပွဲချိန်ပထမပိုင်းအတွင်း ဆီမြွန်နီနဲ့ အချေအတင်စကားများခဲ့ကြပြီးနောက် ဗင်နီစီးယက်စ်က လူစားလဲလှယ်ချိန် အက်သလက်တီကိုမက်ဒရစ်အရန်ခုံတန်းဘက်ဆီ လှောင်ပြောင်တဲ့ဟန်ပန်တွေ ပြုလုပ်ခဲ့ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်အသင်းအရန်ခုံတန်းဆီ လမ်းလျှောက်သွားနေချိန် လက်မောင်းတွေကို မြှောက်ပြပြီး အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့နည်းပြဧရိယာဘက်ကို စိုက်ကြည့်ကာ ဆီမြွန်နီကို တိုက်ရိုက်ရည်ရွယ်တဲ့ သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။
"အယ်ချိုလို"လို့ လူသိများတဲ့ဆီမြွန်နီကလည်း ဗင်နီစီးယက်စ် ဘာကိုရည်ရွယ်တယ်ဆိုတာ သိရှိထားလို့ အပြုအမူတချို့နဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဆီမြွန်နီက ရန်စမှုတွေမှာ ပါမသွားအောင် ထိန်းသိမ်းနိုင်ခဲ့လို့ ပွဲစဉ်အပြီး စတုတ္ထဒိုင်ရဲ့ကျေးဇူးတင်စကားကိုပါ ရရှိခဲ့ပါတယ်။