ဒေါ့မွန်ရဲ့အားကစားဒါရိုက်တာတာဝန်မှ ချက်ချင်းနုတ်ထွက်ခဲ့တဲ့ ဆီဘက်ရှီယန်ကီလ် ချက်ချင်းနုတ်ထွက်
ဆီဘက်ရှီယန်ကီလ်က ဒေါ့မွန်အသင်းရဲ့အားကစားဒါရိုက်တာရာထူးကို စွန့်လွှတ်လိုက်ပါပြီ။
ကီလ်ဟာ ဒေါ့မွန်အသင်းမှာ ကာလရှည်ရှိနေခဲ့ပြီး အသင်းအတွက် အရေးပါသူတစ်ဦးလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၀၂ ခုနှစ်မှာ ကစားသမားတစ်ဦးအဖြစ် အသင်းဆီ စတင်ရောက်ရှိလာခဲ့ပြီး ကစားသမားဘဝအနားယူပြီးနောက်ပိုင်းမှာလည်း အသင်းမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ အသင်းရဲ့စီမံခန့်ခွဲမှုပိုင်းမှာ စတင်တာဝန်ယူခဲ့ပြီး ၄ နှစ်အကြာ ၂၀၂၂ ခုနှစ်မှာ မိုက်ကယ်ဇော့ခ်ရဲ့နေရာကိုဆက်ခံပြီး အားကစားဒါရိုက်တာအဖြစ် အစားထိုးတာဝန်ယူခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးခင်ကာလတွေအတွင်း သူ့ရဲ့ရာထူးကိစ္စနဲ့ပတ်သက်လို့ မသေချာမရေရာမှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ကီလ်နဲ့ အသင်းအမှုဆောင်တွေကြားမှာ တင်းမာမှုတွေ ဆက်တိုက်ရှိနေခဲ့ပြီး အသင်းဒါရိုက်တာ လားစ်ရစ်ကန်က ကီလ်ရဲ့အနာဂတ်အပေါ် ဆုံးဖြတ်နိုင်တဲ့ သြဇာသက်ရောက်မှု ရှိနေတယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ နှစ်ဦးနှစ်ဖက်လမ်းခွဲကြဖို့ သေချာသွားခဲ့ပါပြီ။
အားကစားဒါရိုက်တာရာထူးမှ ကီလ် ချက်ချင်းနုတ်ထွက်တော့မယ်ဆိုတာကို ဒေါ့မွန်အသင်းရဲ့ထုတ်ပြန်ချက်မှာ တရားဝင်ဖော်ပြခဲ့ပါတယ်။
ကီလ်က "ဒေါ့မွန်ဆိုတာ နှစ်ပေါင်းများစွာကြာ ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သလို အသင်းနဲ့လည်း ခိုင်မာတဲ့ဆက်ဆံရေးရှိပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အခုအချိန်က အသင်းအတွက်ရော ကျွန်တော့်အတွက်ပါ လမ်းခွဲဖို့ အကောင်းဆုံးအချိန်ပဲလို့ နှစ်ဖက်သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်" လို့ အသင်းရဲ့ ဝက်ဘ်ဆိုက်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
အတူလက်တွဲလုပ်ဆောင်မှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး ရစ်ကန်ကလည်း အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။
"နှစ်ဖက်လုံး ကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်ဖို့အတွက် စာချုပ်ကို ချက်ချင်းဖျက်သိမ်းဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်။ ကီလ်က အသင်းအပေါ် သြဇာသက်ရောက်မှုအများကြီးရှိသူဖြစ်လို့ သူ့ရဲ့ပေးဆပ်မှုတွေအတွက် ကျွန်တော်တို့ တကယ်ပဲကျေးဇူးတင်ပါတယ်" လို့ ရစ်ကန်က ဆိုပါတယ်။