The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ အလွန်စိတ်ပျက်မိတယ်လို့ ဖာနန်ဒက်စ် ဝန်ခံ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သောကြာနေ့မှာ ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ၂-ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ရလဒ်အပေါ် စိတ်ပျက်မိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပြန်လည်ချေပဂိုးတွေ ခွင့်ပြုခဲ့ရသလို၊ ဟာရီမက်ဂွိုင်းယားလည်း အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဖာနန်ဒက်စ်ကတော့ အသင်းအတွက် ပင်နယ်တီကနေတစ်ဆင့် ဂိုးသွင်းယူပေးခဲ့တာပါ။ ဒါ့အပြင် အာမတ်ဒီယာလို အဖျက်ခံခဲ့ရတဲ့ အငြင်းပွားဖွယ် အခြေအနေမှာ ပင်နယ်တီမရရှိခဲ့တာနဲ့ ပတ်သက်ပြီးလည်း ယူနိုက်တက်ဘက်က မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

ပွဲအပြီးမှာ ဖာနန်ဒက်စ်က "သုံးမှတ်ရဖို့ လုံလောက်တဲ့အထိ ကစားနိုင်ခဲ့ပေမယ့် အခုလို ဖြစ်သွားတဲ့အတွက် စိတ်ပျက်မိပါတယ်။ ပွဲအဆုံးသတ်မှာ ဂိုးထပ်မပေးရအောင် အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ၂-ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးရှိခဲ့ပြီးမှ နောက်ထပ်ဂိုး ပြန်ပေးလိုက်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်တိုမိပါတယ်" လို့ ပြောပါတယ်။

"ကျွန်တော်တို့ ပင်နယ်တီမရခဲ့ဘဲ ပြိုင်ဘက်ကိုကျတော့ ပင်နယ်တီပေးလိုက်တာက အာမတ်ရဲ့ အခြေအနေနဲ့ အတူတူပါပဲ။ တစ်ခုက ပင်နယ်တီဖြစ်ပြီး နောက်တစ်ခုက မဖြစ်ဘူးဆိုတာမျိုးပါ။ ဒိုင်လူကြီးတစ်ယောက်အနေနဲ့ ပွဲတစ်ပွဲတည်းမှာ အသင်းတစ်သင်းတည်းကို ပင်နယ်တီနှစ်ကြိမ်ပေးဖို့ ခက်ခဲမယ်ဆိုတာ နားလည်ပါတယ်၊ ဒါပေမဲ့ VAR က အဲဒီအခြေအနေမှာ ဘာလို့ဝင်မပါသလဲဆိုတာကိုတော့ နားမလည်နိုင်ပါဘူး။ ဟာရီ (မက်ဂွိုင်းယား) ရဲ့ အခြေအနေမှာရောပေါ့၊ တစ်ခုက ပင်နယ်တီဆိုရင် နောက်တစ်ခုကလည်း ပင်နယ်တီဖြစ်သင့်တယ်၊ ဒါမှမဟုတ် နှစ်ခုလုံးက မဖြစ်ရဘူးလေ" လို့ သူက ဆက်ပြောပါတယ်။

"အာမတ်က ဂိုးကန်တော့မယ့်အချိန်မှာ တွန်းခံလိုက်ရတာပါ။ သူ့ရဲ့ ဟန်ချက်ပျက်သွားတာကို အထင်အရှား မြင်နိုင်ပါတယ်။ အရပ်ပုတဲ့ ကစားသမားတွေအတွက်တော့ ဒါက တကယ့်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ သူတို့က အရပ်ပုတဲ့သူတွေကိုဆို အားနည်းတယ်လို့ပဲ ပြောတတ်ကြပြီး အရပ်ရှည်တဲ့သူတွေကျမှ ပြစ်ဒဏ်ဘော ပေးတတ်ကြလို့ပါ။ နောက်တစ်ခုကလည်း ပင်နယ်တီလို့ ကျွန်တော်ထင်သလို၊ အာမတ်ရဲ့ အခြေအနေကလည်း ပင်နယ်တီပါပဲ။ အဲဒါသာ ရခဲ့ရင် ပွဲက အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်" လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဝေဖန်မှုတွေအစား ချီးကျူးမှုတွေ ရရှိနေတဲ့အပေါ် ဖာနန်ဒက်စ်က "ရလဒ်တွေကောင်းနေရင် ချီးကျူးခံရမှာဖြစ်ပြီး ရလဒ်ဆိုးရင်တော့ ဝေဖန်ခံရမှာပဲ၊ ဒါက မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ယောက် ဖြစ်လာရင် ကြုံတွေ့ရမယ့် အစိတ်အပိုင်းတစ်ခုပါ။ နေရာတိုင်းကနေ မျှော်လင့်ချက်တွေ အရမ်းမြင့်မားနေသလို၊ ကလပ်အသင်းကလည်း ကြီးကျယ်လွန်းတာကြောင့် လူတော်တော်များများက စောင့်ကြည့်နေကြတာပါ။ ကျွန်တော်တို့အပေါ် အကြည့်တွေ အများကြီးရှိနေပေမယ့် ဒီကလပ်မှာ ကစားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ခင်ဗျားဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ရမယ်၊ ခိုင်မာတဲ့ စိတ်ဓာတ်ရှိရပါမယ်။ အတက်အကျတွေ ရှိမှာပဲ၊ အဲဒါတွေကို ခင်ဗျား ရင်ဆိုင်ကျော်ဖြတ်နိုင်ရပါမယ်" လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။