The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ သရေကျခဲ့တဲ့ပွဲမှာ မန်ယူအသင်းရဲ့ စိတ်ဓာတ်ပိုင်းအပေါ် ဘရူနိုဖာနန်ဒက်စ် ချီးကျူး

ပြီးခဲ့တဲ့ သောကြာနေ့က ဘုန်းမောက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အသင်းသားတွေအနေနဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ခိုင်မာမှုကို ပြသနိုင်ခဲ့တယ်လို့ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ယူဆနေပါတယ်။ ဒီပွဲမှာ မန်ယူအသင်းက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးတွေ ပေးခဲ့ရသလို၊ ပွဲပြီးခါနီး နောက်ဆုံး ၁၅ မိနစ်မှာလည်း ဟာရီမက်ဂွိုင်းယား အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရလို့ တစ်ယောက်လျော့နဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။

ပွဲအပြီးမှာ ဖာနန်ဒက်စ်က "ဒီလိုမျိုး စိတ်ဓာတ်ပြင်းထန်တာက အသင်းရဲ့ အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ဘယ်နည်းပြပဲ အသင်းကို ကိုင်တွယ်နေပါစေ ဒါက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အပတ်တွေတုန်းက ရလဒ်ကောင်းတွေ ရခဲ့တာကြောင့် အသင်းမှာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ရရှိနေပါတယ်။ ဘယ်လိုကွင်းမျိုးမှာပဲ သွားကစားရပါစေ ရလဒ်ကောင်းအောင် လုပ်နိုင်တယ်ဆိုတာကိုလည်း အသင်းသားတွေ နားလည်လာကြပါပြီ။ မိုက်ကယ် (ကာရစ်) ရဲ့ လက်အောက်မှာ ကျွန်တော်တို့ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ အတော်လေး ရုန်းကန်ခဲ့ရပေမဲ့ ရမှတ်တစ်မှတ်တော့ ရခဲ့တယ်၊ တစ်ခုခုတော့ ပြန်ရခဲ့တယ်လို့ ပြောလို့ရပါတယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဖာနန်ဒက်စ်က "ဒီနေ့ပွဲမှာ နိုင်ပွဲမရခဲ့ပေမဲ့ နောက်ပွဲမှာ ၃ မှတ်အပြည့်ရဖို့က ပိုအရေးကြီးပါတယ်။ ပရီးမီးယားလိဂ်က တကယ်ကို ခက်ခဲတဲ့အပြင် ပြိုင်ဆိုင်မှုတွေလည်း အရမ်းများပါတယ်။ ကျွန်တော်တို့နဲ့ အမှတ်နီးစပ်နေတဲ့ အက်စတွန်ဗီလာ၊ လီဗာပူးနဲ့ ချယ်လ်ဆီးတို့လို အသင်းတွေလည်း ရှိနေတယ်လေ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ရမှတ်တွေ ဆက်တိုက်ရယူပြီး ရှေ့ကို ဆက်လှမ်းဖို့ပါပဲ။ ပြိုင်ဘက်အသင်းတွေနဲ့ အလှမ်းဝေးသွားအောင် လုပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းက ရမှတ်တွေ ဆက်ရှာနေဖို့ပါပဲ။ ကိုယ့်ရှေ့က အသင်းကို အမီလိုက်ချင်ရင်တော့ ၃ မှတ်အပြည့်ရအောင် ကစားဖို့ လိုအပ်နေဦးမှာပါ" လို့ ပြောကြားသွားခဲ့ပါတယ်။