ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ လာပေါ်တာရဲ့ ပြောကြားချက်ကို ဟန်ဆီဖလစ် အတည်ပြု
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က သူရဲ့ စာချုပ်သစ်ကိစ္စဟာ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်ရမယ့်အဆင့်ပဲ ကျန်တော့တယ်လို့ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘာစီလိုနာဥက္ကဋ္ဌ ဟွမ်လာပေါ်တာက စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိထားပြီးပြီလို့ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဖလစ်ကလည်း မကြာခင်မှာ စာချုပ်ပေါ် လက်မှတ်ရေးထိုးတော့မယ်လို့ အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
နယူးကာဆယ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ ဖလစ်က "ကျွန်တော် ဒီမှာ အလုပ်လုပ်ရတာကို သဘောကျတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ လွတ်လပ်ခွင့်ကိုလည်း တန်ဖိုးထားပါတယ်။ ကျွန်တော့်မှာ ကောင်းမွန်တဲ့ မိသားစုရှိသလို ဝိုင်းဝန်းကူညီပေးကြတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ဒါက ဘောလုံးလောကပါပဲ။ ကျွန်တော် အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးနေသလို ရှေ့ဆက် ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အချိန်တွေ အများကြီး ရှိပါသေးတယ်။ တခြားနေရာကို သွားဖို့လည်း စိတ်ကူးမရှိပါဘူး။ ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအလုပ် ဖြစ်လာမှာဖြစ်သလို အဲဒီအတွက်လည်း ပျော်ရွှင်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဂျာမန်လူမျိုး နည်းပြက ဆက်လက်ပြီး "အခုအချိန်က စာချုပ်သက်တမ်းတိုးဖို့အကြောင်း ပြောရမယ့်အချိန် မဟုတ်သေးဘူးလို့ ထင်ပါတယ်။ အသင်းအတွက်ရော ကျွန်တော်တို့ရဲ့ အနာဂတ်အတွက်ပါ အရေးကြီးတဲ့ ပွဲတစ်ပွဲ ရှိနေလို့ပါ။ ဒီမှာနေရတာ အရမ်းပျော်ပေမဲ့ မိသားစုနဲ့လည်း ဆွေးနွေးဖို့ လိုပါသေးတယ်။ ဒါတွေအားလုံးကို ဆွေးနွေးဖို့ အချိန်ရပါလိမ့်မယ်" လို့လည်း ဆိုပါတယ်။
ဖလစ်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်အထိ ရှိနေတာဖြစ်ပြီး အခုစာချုပ်သစ်အရ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးသွားမှာ ဖြစ်ပါတယ်။