အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားနိုင်ပွဲအပြီး ချဲလ်ဆီးအနာဂတ်အကြောင်း ဖွင့်ဟလာတဲ့ အန်ဇိုဖာနန်ဒက်ဇ်
အင်္ဂါနေ့၊ အီဂျစ်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီး အနိုင်ဂိုးရှင်အန်ဇိုဖာနန်ဒက်ဇ်က သူ့ရဲ့ကလပ်အသင်းကစားသမားဘ၀နဲ့ပတ်သက်လို့ လတ်တလော ဘာမှမစဉ်းစားသေးဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ချဲလ်ဆီးမှထွက်ခွာတော့မယ်လို့ သတင်းကြီးနေခဲ့ပါတယ်။ တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေ အကြီးအကျယ်ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ ဒီသတင်းတွေ မမှန်ကန်ဘူးလို့ ရီးရဲလ်မက်ဒရစ်က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
နာကျင်အချိန်ပိုခေါင်းတိုက်သွင်းဂိုးနဲ့အတူ အာဂျင်တီးနားကို ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ဆီ ပို့ဆောင်ပေးပြီးနောက် အန်ဇိုဖာနန်ဒက်ဇ်က DAZN နဲ့တွေ့ဆုံချိန် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။
"အခုလောလောဆယ်တော့ ကျွန်တော့်ရဲ့အနာဂတ်အကြောင်းကို မစဉ်းစားသေးပါဘူး။ အခုအချိန်မှာ ကျွန်တော့်အတွက် မယုံနိုင်စရာကောင်းတဲ့ ဒီလိုခံစားချက်မျိုးကိုပဲ အပြည့်အဝ ခံစားနေချင်ပါတယ်။ ကမ္ဘာ့ဖလားပြီးသွားမှပဲ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်သွားရပါမယ်" လို့ သူက ဆိုပါတယ်။