ချဲလ်ဆီးနဲ့ပွဲမှာ ပြီးပြည့်စုံတဲ့ကစားဟန်ကို ဖန်တီးနိုင်လုနီးပါးဖြစ်ခဲ့တယ်လို့ဆိုလာတဲ့ အင်းနရစ်
ဗုဒ္ဓဟူးနေ့ညက ချဲလ်ဆီးအသင်းရဲ့ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း အနိုင်ရရှိခဲ့တဲ့ ပုံစံအပေါ် နည်းပြ လူးဝစ်အင်းနရစ်က အလွန်ပဲ ကျေနပ်အားရနေပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ၃ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ နှစ်ကျော့ပေါင်း စုစုပေါင်းရလဒ် ၈ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲအပြီးမှာ လူးဝစ်အင်းနရစ်က "ဘောလုံးလောကမှာ ပြီးပြည့်စုံတယ်ဆိုတာမျိုး မရှိပေမဲ့ ပထမအကျော့တုန်းကတော့ တကယ်ကို ခက်ခဲခဲ့တယ်လို့ ပြောရမှာပါ၊ အထူးသဖြင့် ပထမမိနစ် ၈၀ က တော်တော်လေး ခက်ခဲခဲ့တာပါ။ အဲ့ဒီရလဒ်ကို ရရှိပြီးတဲ့နောက် ဒီနေ့ပွဲမှာလည်း ပွဲပြီးဆုံးတဲ့အထိ အကောင်းဆုံးပုံစံကို ဆက်ပြီး ထိန်းထားနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့ကတော့ ပထမအကျော့နဲ့ မတူဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ တန်ပြန်တိုက်စစ်တွေက အရမ်းကို တိကျခဲ့ပြီး ပွဲကို အဆုံးသတ်စေမယ့် ဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့လို့ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက "အခုလိုပွဲမျိုးကို ထိန်းချုပ်ဖို့ဆိုတာ အမြဲတမ်း ခက်ခဲပါတယ်၊ ဘာလို့လဲဆိုတော့ ချဲလ်ဆီးက ဂိုးတွေမြန်မြန်ရဖို့ ကြိုးစားတတ်တဲ့ အသင်းကောင်းတစ်သင်း ဖြစ်လို့ပါ။ ဘောလုံးကို အမြဲတမ်း ပိုင်ဆိုင်ထားဖို့ဆိုတာ ခက်ခဲပေမဲ့ တန်ပြန်တိုက်စစ်ကို ဘောလုံးပိုင်ဆိုင်မှုနဲ့ မျှမျှတတ ပေါင်းစပ်ကစားနိုင်ခဲ့တာက အဓိက သော့ချက်ပါပဲ။ ဘောလုံးပိုင်ဆိုင်မှုနဲ့အတူ ခံစစ်ကစားတာက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ ကျွန်တော်တို့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးဖြစ်ခဲ့ပြီး အနိုင်ရဖို့လည်း ထိုက်တန်ပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး "လူတိုင်းက၊ အထူးသဖြင့် ချန်ပီယံလိဂ်မှာ ကစားနေတဲ့ အသင်းတွေက ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ဘောလုံးကစားဖို့ ကြိုးစားနေလဲဆိုတာကို သိကြတဲ့အတွက် ကျွန်တော်တို့ကို လေးစားကြပါတယ်။ အခြားအသင်းတွေဆီကနေ ရရှိတဲ့ လေးစားမှုကို ခံစားရတာက တကယ်ကို ကောင်းမွန်ပါတယ်။ ဒီအသင်းမှာ ရှိနေရတာက စိတ်ကျေနပ်စရာကောင်းပြီး နောက်တစ်ဆင့်မှာ ကစားရဖို့အတွက်လည်း မျှော်လင့်နေပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။