အင်တာကြယ်ပွင့်ဟောင်း ရီကိုဘာကို မိုရက်တီ ချီးကျူး
အင်တာမီလန်အသင်းရဲ့ ဥက္ကဋ္ဌဟောင်း မက်ဆီမို မိုရက်တီဟာ ဥရုဂွေးဂန္ထဝင်ကစားသမား အယ်ဗာရို ရီကိုဘာကို အသင်းဆီ ခေါ်ယူခဲ့စဉ်က အကြောင်းတွေကို အမှတ်တရ ပြန်လည်ပြောပြခဲ့ပါတယ်။ ဥရုဂွေးကြယ်ပွင့်ဟောင်း ရီကိုဘာဟာ ဒီနေ့မှာပဲ အသက် ၅၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မိုရက်တီက Il Corriere della Sera သတင်းဌာနကို ပြောပြရာမှာ "ကျွန်တော် သူ့ကို စခေါ်တုန်းက သူ့ရဲ့ အေးဂျင့်တွေက 'သူ့ရဲ့ ပထမဆုံးပွဲမှာတင် ချီနို (ရီကိုဘာ) က တစ်ကွင်းလုံးကို မှင်တက်သွားအောင် လုပ်ပြလိမ့်မယ်' လို့ ပြောခဲ့ပါတယ်။ တကယ်လည်း သူက တစ်ကွင်းလုံးကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
"ကွင်းထဲမှာဆိုရင် သူဟာ ကျွန်တော်ချစ်မြတ်နိုးတဲ့ ဘောလုံးရဲ့ အနှစ်သာရအားလုံးကို ကိုယ်စားပြုတဲ့သူပါ။ နည်းနည်းတော့ ပျင်းသလိုရှိပေမဲ့ ပါရမီရှိတယ်၊ အမြဲတမ်း အံ့အားသင့်စရာကောင်းတယ်၊ တော်တယ်၊ ပြီးတော့ ကြည့်ရတာလည်း ဖျော်ဖြေမှုအပြည့် ပေးနိုင်ပါတယ်။ သူဟာ မယုံနိုင်စရာ ဂိုးတွေ အများကြီး သွင်းခဲ့သလို ကလေးတွေကိုလည်း အိပ်မက်တွေ ပေးနိုင်ခဲ့သူပါ။ ကျွန်တော် ဥက္ကဋ္ဌလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် အကောင်းဆုံး အမှတ်တရတွေထဲက တစ်ခုပါပဲ" လို့လည်း မိုရက်တီက ဆက်လက်ပြောကြားခဲ့ပါတယ်။
၁၉၉၇ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ ကစားခဲ့တဲ့ ရီကိုဘာရဲ့ ပွဲဦးထွက်ပွဲစဉ်မှာ ဆန်စီရိုကွင်းအတွင်း ဘရက်စီယာအသင်းက အရင်ဦးဆောင်နေခဲ့တာပါ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ရီကိုဘာ လူစားဝင်လာပြီးနောက် ၂၅ မီတာအကွာကနေ အပြင်းကန်ချက်နဲ့ တစ်ဂိုး၊ မီတာ ၃၀ အကွာ အလွတ်တည်ကန်ဘောကနေ နောက်ထပ်တစ်ဂိုး သွင်းယူပေးကာ အသင်းကို အနိုင်ရစေခဲ့တာ ဖြစ်ပါတယ်။