အာဆင်နယ်ကွင်းလယ်လူ ဖေဘီယိုဗီအဲရာကို အပြီးသတ်ခေါ်ယူဖို့ ဟမ်းဘတ်အသင်း စီစဉ်နေ
အာဆင်နယ်ကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ဖေဘီယိုဗီအဲရာကို လာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ဟမ်းဘတ်အသင်းက အသုံးစရိတ်သီးသန့် လျာထားလိုက်ပြီလို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဗီယာရာဟာ ဒီရာသီမှာ ဟမ်းဘတ်အသင်းအတွက် ၂၃ ပွဲကစားထားပြီး ၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ပေးကာ အသင်းရဲ့ အထူးချွန်ဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာပါ။သူဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဟမ်းဘတ်အသင်းဆီ အငှားနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းဘက်ကလည်း ဒီကစားကွက်ဖန်တီးရှင်ကို အမြဲတမ်းလက်တွဲသွားဖို့ အလိုရှိနေပါတယ်။ ဂျာမနီသတင်းစာ BILD ရဲ့ ဖော်ပြချက်အရ ဗီအဲရာဟာ ဟမ်းဘတ်အသင်းနဲ့ စာချုပ်ကိစ္စ သဘောတူညီမှု ရရှိထားပြီးဖြစ်ပေမဲ့ အာဆင်နယ်အသင်းနဲ့တော့ ညှိနှိုင်းဖို့ ကျန်ရှိနေပါသေးတယ်။ ဘွန်ဒက်လီဂါကလပ် ဟမ်းဘတ်အနေနဲ့ ဗီအဲရာကို ခေါ်ယူရေးကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားသလို လိုအပ်တဲ့ ငွေကြေးကိုလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ နားလည်ရပါတယ်။