လိဒ်နဲ့ပွဲစဉ်သရေလဒ်အပေါ် မကျေနပ်ပေမဲ့ လက်ခံပေးရမယ်လို့ ဆိုလိုက်တဲ့ ပဲလေ့စ်နည်းပြဂလက်စ်နာ
ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလက်စ်နာက အိမ်ကွင်းဆဲလ်ဟတ်ပတ်ခ်မှာ လိဒ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီး သူ့ရဲ့စိတ်ပျက်နေမှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂလက်စ်နာက အခုရလဒ်နဲ့ပတ်သက်လို့ စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။
သူက Palace TV နဲ့ အင်တာဗျူးမှာ "ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဒီရလဒ်အပေါ် ၁၀၀ ရာခိုင်နှုန်း မကျေနပ်သလို ပွင့်ပွင့်လင်းလင်းပြောရရင် ကစားပုံကိုလည်း အားမရပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ ဒီရလဒ်ကို လက်ခံသွားရပါမယ်။ ပထမပိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ကစားမှုတွေ အတော်လေး ပြင်းထန်ခဲ့ပြီး အနီကတ်ပြသခံရပြီးနောက် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးပေးပို့မှုတွေက အရမ်းနှေးကွေးနေခဲ့တယ်။ ဒါက ကျွန်တော်တို့ဆီမှာရှိတဲ့ အားနည်းချက်တစ်ခုပါ။ ဒါကို ကျွန်တော်တို့ သိသလို လေ့ကျင့်ရေးကွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေပါတယ်။
ကျွန်တော့်အမြင်မှာတော့ အခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ နည်းနည်းလန့်နေသလိုပါပဲ။ ဂိုးသွင်းချင်တယ်၊ သွင်းဖို့လည်း လိုအပ်တယ်ဆိုတာ သိနေတဲ့အတွက် ဆုံးဖြတ်ချက်တွေ မှားယွင်းသွားခဲ့ကြပါတယ်။
စိတ်လောကြီးစရာမလိုတဲ့ အခြေအနေတွေမှာ လောနေကြပြီး ဘောလုံးတွေ အလွယ်တကူ ဆုံးရှုံးခဲ့ရတယ်။ ဒီအခြေအနေမျိုးမှာ ကျွန်တော်တို့တွေ ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ အခွင့်အရေးကို စောင့်ဆိုင်းသင့်ပါတယ်။ အထူးသဖြင့် ပြိုင်ဘက်ရဲ့ခံစစ်ဇုန်ထဲမှာဆိုရင် ဘောလုံးနောက်ကနေ စနစ်တကျ ပြန်လည်စုဖွဲ့ထားဖို့ လိုပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဘောလုံးဖြတ်တင်ပေးလိုက်တယ်၊ သူတို့ ဖျက်ထုတ်လိုက်တယ်၊ ကျွန်တော်တို့က နေရာယူတာ မမှန်တဲ့အတွက် အမှားကျူးလွန်မိပြီး သူတို့က အဝေးဘောတွေနဲ့ ပြန်ကစားခွင့် ရသွားပါတယ်။
အဲဒီနောက် ကျွန်တော်တို့ ခေါင်းတိုက်ချက်မှာ အနိုင်ရခဲ့ပေမဲ့ သူတို့က လက်ပစ်ဘောတွေ ထပ်ရသွားတယ်။ ပွဲကို ပိုပြီးထိန်းချုပ်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ ကစားကွက်ပုံစံအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ရှည်ဖို့ လိုပါတယ်။
အခုတော့ ကျွန်တော်တို့ စိတ်မရှည်ဖြစ်နေသလိုမျိုးပါပဲ။ ဒါကြောင့်လည်း ပွဲကို မလွှမ်းမိုးနိုင်ခဲ့တာပါ။ နောက်တစ်ချက်ကတော့ ဘောလုံးကို ပိုမြန်မြန်ပေးပို့ပြီး ပြိုင်ဘက်အတွက် အန္တရာယ်များမယ့်နေရာတွေမှာ ကစားသမားတွေ ပိုများများရှိနေအောင် လုပ်ရပါမယ်။ ဒါတွေက ဒီနေ့ပွဲစဉ်အတွက် ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ ဖြစ်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။