ဘရန့်ဖို့ဒ်နည်းပြ အန်ဒရူးစ်က တစ်နှစ်တာအကောင်းဆုံးနည်းပြဆုရသင့်တယ်လို့ ဝုဗ်နည်းပြ အက်ဒဝပ်ချီးကျူး
ဘရန်ဖို့ဒ်နည်းပြ ကိတ်အန်းဒရူးစ်ဟာ နောင်တစ်ချိန်မှာ အောင်မြင်မှုကြီးကြီးမားမားတွေ ရရှိလာမယ့်သူဖြစ်တယ်လို့ ဝုဗ်အသင်းနည်းပြ ရော့ဘ်အက်ဒဝပ်က ယုံကြည်နေပါတယ်။
အန်းဒရူးစ်ဟာ ဘရန့်ဖို့ဒ်နဲ့အတူ စီနီယာနည်းပြလောကကို ပထမဆုံးအကြိမ် ခြေချခဲ့တဲ့ အခုရာသီမှာတင် အားလုံးကို အထင်ကြီးအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
တနင်္လာနေ့ညမှာ ကစားမယ့် သူတို့နှစ်သင်းရဲ့ ပွဲစဉ်မတိုင်ခင် အက်ဒဝပ်က "သူ တကယ်ကို တော်တော်လေး ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တာပါ။ သူ ကိုယ့်ကိုယ်ကိုယ် တကယ် ဂုဏ်ယူသင့်သလို သူလည်း ဂုဏ်ယူနေလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်" လို့ ဆိုပါတယ်။
"ကျွန်တော်က ပြောနေစရာ မလိုဘူးဆိုပေမဲ့လည်း ကျွန်တော်ကတော့ ပြောချင်ပါတယ်။ သူ့အကြောင်းကို ကောင်းကောင်းမွန်မွန် ပြောကြမယ့်သူတွေ အများကြီးရှိနေသလို သူဟာ တစ်နှစ်တာအကောင်းဆုံး နည်းပြဆုအတွက် ရေပန်းစားတဲ့သူတွေထဲက တစ်ယောက် ဖြစ်နေတာလည်း သေချာပါတယ်"
"သူ ဒီအလုပ်ကို စရခါစတုန်းကတော့ မေးခွန်းထုတ်စရာ တစ်ခု၊ နှစ်ခုလောက် ရှိခဲ့ပေမဲ့ သူကတော့ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှုရှိခဲ့မှာပါ။ အခုတော့ သူ တကယ်တော်တယ်ဆိုတာကို အချိန်တိုအတွင်းမှာပဲ သက်သေပြနိုင်ခဲ့ပါပြီ"
"သူရော၊ သူ့ရဲ့ အဖွဲ့ဝင်တွေနဲ့ ကစားသမားတွေပါ တကယ်ကို အံ့ဩစရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ပြနိုင်ခဲ့ကြတာပါ။ ဒါဟာ တစ်သင်းလုံးရဲ့ စုစည်းမှုနဲ့ သူတို့ အသင်းကို ဘယ်လိုပုံစံနဲ့ လည်ပတ်နေသလဲဆိုတာကို သက်သေပြနေတာလည်း ဖြစ်ပါတယ်"
"သူတို့က အရေးပါတဲ့ ကစားသမားတွေကို လက်လွှတ်ခဲ့ရပေမဲ့လည်း ပြိုင်ဆိုင်မှု ပြင်းပြင်းထန်ထန်နဲ့ ဆက်ရှိနေနိုင်သလို အမြဲလည်း တိုးတက်နေကြပါတယ်။ နာမည်ကျော် နည်းပြတစ်ယောက်ကို လက်လွှတ်ခဲ့ရပေမဲ့လည်း ကိသ်နဲ့ အစားထိုးခဲ့ပြီး အောင်မြင်မှုတွေ ဆက်ရအောင် လုပ်နိုင်ခဲ့ကြပါတယ်။ တစ်ဆင့်ထက်တစ်ဆင့် ပိုပြီးတော့လည်း အင်အားတောင့်တင်းလာကြပါတယ်"
"ဒါဟာ ကျွန်တော့်အတွက်တော့ အံ့ဩစရာ မဟုတ်ပါဘူး။ သူက တကယ်ကို ဉာဏ်ကောင်းပြီး ပါးနပ်တဲ့သူတစ်ယောက်ပါ။ သူက အမြဲတမ်း အဲဒီလိုပဲ ဖြစ်ခဲ့သလို လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း တော်ပါတယ်။ ထိပ်တန်းနည်းပြတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းအားလုံး သူ့မှာ ရှိနေပြီး အခုလည်း အဲဒါကို လက်တွေ့ပြနေတာပါ" လို့ အက်ဒဝပ်က ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။