The network connection is lost.

Banner Image

ဘိုနာနော့တီအနေနဲ့ လိဒ်မှာ နေရာအတွက်တိုက်ပွဲဝင်သွားရမယ်လို့ဆိုလာတဲ့ ဟာဇယ်လာ

ဘရိုက်တန်နည်းပြ ဖာဘီယံ ဟာဇယ်လာက ဖာကွန်ဒို ဘိုနာနော့တီအနေနဲ့ လိဒ်ယူနိုက်တက်မှာ နေရာတစ်နေရာရဖို့အတွက် တိုက်ပွဲဝင်ရမယ်လို့ ပြောကြားလိုက်ပါတယ်။ အာဂျင်တီးနား လူငယ်ကစားသမားလေးဟာ ဒီရာသီမှာ လိဒ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပြီး ပွဲထွက်ခွင့်ပုံမှန်ရဖို့အတွက် ရုန်းကန်နေရတာပါ။

ဟာဇယ်လာက "ကစားသမားတွေအတွက် ပွဲကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ အတွေ့အကြုံတိုင်းက အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဟုတ်ပါတယ်၊ ကစားသမားတစ်ယောက်ကို အငှားချလိုက်ပြီဆိုရင် သူတို့ ပွဲကစားခွင့်ရတာက ပိုပြီးအထောက်အကူဖြစ်တာပေါ့၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ချမှတ်လို့မရပါဘူး။ အငှားသွားကစားတဲ့ ကလပ်အသင်းကပဲ ဆုံးဖြတ်မှာဖြစ်သလို သူတို့ရဲ့နည်းပြ ဒန်နီယယ် ဖာကေးမှာလည်း သူ့ကို ပွဲမထုတ်တဲ့ အကြောင်းပြချက် ရှိပါလိမ့်မယ်။ အဲဒီတော့ အသင်းထဲမှာ နေရာရဖို့ ဘာတွေတိုးတက်အောင် လုပ်ရမလဲဆိုတာကို ကစားသမားကိုယ်တိုင်က နားလည်ဖို့ လိုပါတယ်။ နည်းပြရဲ့ ရွေးချယ်စရာ ကစားသမားတစ်ယောက် ဖြစ်လာဖို့အတွက် လေ့ကျင့်ရေးကွင်းတိုင်းမှာ ဘယ်လိုအရည်အချင်းမျိုး ပြသရမလဲဆိုတာ သိရပါမယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက "ဒါဟာ ဘိုနာနော့တီလို လူငယ်ကစားသမားတစ်ယောက်အတွက် သင်ယူမှုဖြစ်စဉ်တစ်ခုလို့ ကျွန်တော် မြင်ပါတယ်။ သူ့မှာ မယုံနိုင်လောက်တဲ့ အလားအလာတွေနဲ့ အရည်အချင်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်သိပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ဒါတွေချည်းပဲ မလုံလောက်ပါဘူး။ ဒါဟာ အလုပ်အပေါ်ထားတဲ့ စိတ်ဓာတ် (work ethic)၊ ကိုယ့်ကိုယ်ကိုယ် တင်းကျပ်မှုရှိဖို့၊ ပွဲမကစားရတဲ့အချိန်မှာ ခံနိုင်ရည်ရှိဖို့နဲ့ ကိုယ့်ရဲ့ အပြုအမူတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ သူတစ်ပါးကို လက်ညှိုးမထိုးဘဲ ကိုယ့်ရဲ့ လေ့ကျင့်မှုနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကိုပဲ ပြန်ကြည့်ရပါမယ်။ တခြားသူကို အပြစ်တင်ဖို့က ဘဝမှာ အလွယ်ဆုံးအလုပ်ပါ၊ ဒါပေမဲ့ ကိုယ့်ရဲ့ အခြေအနေအတွက် ကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဒါဟာ ကစားသမားတွေ သင်ယူရမယ့်အရာဖြစ်ပြီး ဖာကွန်ဒိုကတော့ အခု အဲဒီအခြေအနေကို ရင်ဆိုင်နေရတာပါ။ မျှော်လင့်ထားသလိုပဲ သူ ဒီကနေ သင်ခန်းစာကောင်းကောင်းရပြီး မှန်ကန်တဲ့ ရလဒ်တွေနဲ့အတူ ကျွန်တော်တို့ဆီကို ပိုကောင်းတဲ့ ကစားသမားတစ်ယောက်အနေနဲ့ ပြန်လာနိုင်မှာပါ" လို့ ပြောကြားခဲ့ပါတယ်။