ဂိုးပြတ်နိုင်ပွဲအတွက် ပျော်ရွှင်မိပေမဲ့ ဘာအာမခံချက်မှ မရှိသေးဘူးလို့ သတိပေးလိုက်တဲ့ ဆီမြွန်နီ
အင်္ဂါညချန်ပီယံလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့လို့ အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီ အလွန်ကျေနပ်အားရနေပါတယ်။
မက်ထရိုပိုလီတာနိုကွင်းမှာကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်က ၅-၂ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ယူပြီး ဒုတိယအကျော့လန်ဒန်မြေပွဲစဉ်အတွက် အသာစီးရယူနိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး ဆီမြွန်နီက "ကျွန်တော့်အသင်းရဲ့ကစားပုံကို သဘောကျပါတယ်။ ပြိုင်ဘက်ကိုယ်တိုင်အမှားတွေကျူးလွန်လာစေဖို့ ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့တယ်။ အဲ့ဒါကပဲ ပထမပိုင်းမှာ အသာစီးရဖို့ ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံးသွင်းဂိုးကိုလည်း ကျွန်တော်တို့ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ၄-၂ ဂိုး ဖြစ်သွားနိုင်ချိန် အယ်လ်ဗာရက်ဇ်နဲ့ ဂရစ်ဇ်မန်းပူးပေါင်းပြီး မီတာ ၅၀ လောက် ပြေးလွှားဆော့ကစားလိုက်ရာမှာ ၅-၁ ဂိုး ဖြစ်သွားခဲ့ပါတယ်။"
"အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့အမှားတစ်ခုမှ သူတို့ နောက်တစ်ဂိုး ပြန်ရသွားပါတယ်။ ဒီနိုင်ပွဲကို ကျွန်တော်တို့ ပျော်ပျော်ပါးပါး ဆင်နွှဲသွားမှာ ဖြစ်ပေမဲ့ ချန်ပီယံလိဂ်ဆိုတာ ခက်ခဲတဲ့ပြိုင်ပွဲတစ်ခုဖြစ်လို့ ဘယ်လိုရလဒ်မျိုးကမှ နောက်တစ်ဆင့်တက်ဖို့အတွက် အာမခံချက် အပြည့်အဝမပေးနိုင်ပါဘူး။"လို့ ပြောပါတယ်။
အယ်လ်ဗာရက်ဇ်နဲ့ပတ်သက်လို့လည်း အက်သလက်တီကိုမက်ဒရစ်နည်းပြက "သူ့ကို ကြည့်ရတာ ပျော်ရွှင်ကျေနပ်နေပြီး ဂိုးတွေလည်း သွင်းနိုင်တာ တွေ့ရပါတယ်။ သူကစားခဲ့ဖူးတဲ့အသင်းတွေအားလုံးအနက် ဒီအသင်းမှာပဲ သူရဲ့သွင်းဂိုးတွေ အများဆုံးဖြစ်နေပါတယ်။ သူက အသင်းအပေါ် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး အကောင်းမြင်စိတ်ရှိသလို သူ့ရဲ့အရင်ခြေစွမ်းကောင်းတွေလည်း ပြန်ရနေပါပြီ။ သူ့အတွက် ကျွန်တော် ဝမ်းသာသလို နှစ်ပေါင်းများစွာ ဒီမှာ ဆက်ရှိနေစေချင်ပါတယ်။ သူ ဆက်ရှိနေနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အသင်းတစ်ခုကို ကျွန်တော်တို့ တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။" လို့ ပြောပါတယ်။
ဆက်လက်ပြီး ဆီမြွန်နီက "ပထမပိုင်းကစားပုံ ပိုကောင်းခဲ့ပြီး ဒုတိယပိုင်း လူစားလဲမှုတွေကတော့ ပုံမှန်လိုမျိုး သိပ်ပြီးထိရောက်မှု မရှိခဲ့ပါဘူး။ ပွဲစချိန်မှာ ရှိခဲ့တဲ့ စိတ်ဓာတ်အတိုင်း ဆက်သွားဖို့ လိုအပ်ပါတယ်။ ခြုံပြောရရင်တော့ အသင်းက ပွဲကောင်းတစ်ခုကို ကစားနိုင်ခဲ့ပြီး အစပိုင်းမှာ အခွင့်အရေးတွေရအောင် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက အခုထက်တောင် ပိုပြီး အဆုံးအဖြတ်ဖြစ်နိုင်ခဲ့သင့်တယ်" လို့ ဆိုခဲ့ပါတယ်။