ချဲလ်ဆီးမှ မော်ရင်ဟိုထွက်ခွာချိန် အဝတ်လဲခန်းအတွင်းမှာ မျက်ရည်တွေ ပြည့်နှက်နေခဲ့တယ်လို့ တယ်ရီနဲ့ လမ်းပတ် ဖွင့်ဟ
ချဲလ်ဆီးဂန္တဝင်နောက်ခံလူဂျွန်တယ်ရီနဲ့ ကွင်းလယ်ကစားသမားဟောင်းဖရန့်လမ်းပတ်တို့က အနောက်လန်ဒန်ကလပ်အသင်းမှ ဟိုဆေးမော်ရင်ဟို ထွက်ခွာခဲ့ချိန် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ဖွင့်ဟပြောကြားလိုက်ပါတယ်။
ဂန္ထဝင်နည်းပြမော်ရင်ဟိုက အနောက်လန်ဒန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆု နှစ်ကြိမ်၊ ကာရာဘောင်ဖလား နှစ်ကြိမ်နဲ့ အက်ဖ်အေဖလား တစ်ကြိမ် ရယူပေးခဲ့ပါတယ်။ ဒါပေမဲ့ အသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်နဲ့ တင်းမာမှုတွေ ရှိလာပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ မော်ရင်ဟိုကတော့ ကစားသမားသစ်ခေါ်ယူရေးကိစ္စတွေမှာ အေဘရာမိုဗစ်နဲ့ အသင်းအုပ်ချုပ်မှုပိုင်းတာဝန်ရှိသူတွေရဲ့ဝင်ရောက်စွတ်ဖက်မှုကို အပြစ်တင်ခဲ့သလို ရုရှားသူဌေးကြီးကလည်း မော်ရင်ဟိုရဲ့ကစားဟန်အပေါ် သဘောမကျခဲ့ပါဘူး။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်မနက်အစောပိုင်းမှာတော့ ချဲလ်ဆီးအသင်းက မော်ရင်ဟိုနဲ့ နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါက မော်ရင်ဟိုနဲ့ ချဲလ်ဆီးကစားသမားတွေအတွက် တကယ့်ကိုကြီးမားလှတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
Netflix စီစဉ်ရိုက်ကူးတဲ့ 'Mourinho' ဆိုတဲ့ အပိုင်းသုံးပိုင်းပါ မှတ်တမ်းဗီဒီယိုထဲမှာ အဲဒီအချိန်ကာလအကြောင်းတွေကို အသေးစိတ်ဖော်ပြထားပြီး လမ်းပတ်ကလည်း အဲဒီတုန်းက သူတို့ တော်တော်လေး စိတ်ထိခိုက်ခဲ့ရတယ်လို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။
"အဝတ်လဲခန်းဆီ မော်ရင်ဟိုဝင်လာပြီး ရာထူးမှ အထုတ်ပယ်ခံလိုက်ရပြီလို့ ကျွန်တော့်ကိုပြောခဲ့တာ မှတ်မိနေပါသေးတယ်။ ဒီလူက ကျွန်တော့်ရဲ့ကစားသမားဘဝအတွက် ဘယ်လောက်အထိ ကူညီပေးခဲ့လဲ၊ သူနဲ့အတူ အလုပ်တွဲလုပ်ရတာ ဘယ်လောက်ကောင်းသလဲဆိုတာကိုပဲ ကျွန်တော်တွေးနေမိပါတယ်။ အဲ့ဒီအချိန်မှာ အားလုံး မျက်ရည်ကျခဲ့ကြပါတယ်။ များသောအားဖြင့် နည်းပြတစ်ဦးထွက်သွားရင် အဝတ်လဲခန်းမှာ မျက်ရည်ကျကြတယ်ဆိုတာ သိပ်မရှိတတ်ပါဘူး" လို့ လမ်းပတ်က ဆိုပါတယ်။
တယ်ရီကလည်း သူ ဘယ်လောက်အထိ ဝမ်းနည်းခဲ့လဲဆိုတာကို ပြောပြခဲ့သလို အခုလိုအဆင်မပြေဘဲ မော်ရင်ဟိုထွက်ခွာသွားမှုမှာ သူ့ရဲ့အပြစ်လည်း မကင်းဘူးလို့ ဝန်ခံခဲ့ပါတယ်။
"သူ့အတွက်ဆိုရင် ကျွန်တော်က ဒီကွင်းထဲမှာ အသေခံဖို့အထိတောင် အဆင်သင့်ပါပဲ။ လူကြီးလူကောင်းတွေ မျက်ရည်တွေ ကျနေကြပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ သေသေချာချာ မသိခဲ့ကြဘူး။ အခုထိလည်း ဒါဟာ ကျွန်တော့်အမှားလို့ ခံစားနေရတုန်းပါပဲ။ ချန်ပီယံလိဂ်ပွဲမှာ ကျွန်တော်တို့ သရေကျခဲ့တုန်းက ကျွန်တော် လူကပ်ရမယ့်သူက ဂိုးသွင်းသွားခဲ့တယ်။ တကယ်လို့သာ ကျွန်တော် အဲဒီလူကို ဂိုးမပေးလိုက်ရင် သူ (မော်ရင်ဟို) နောက်ထပ်နှစ်အနည်းငယ်လောက် အသင်းမှာ ဆက်ရှိနေဦးမလား? ဘယ်သူသိမှာလဲ။ ဒါကြောင့် အဲဒီအတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တာဝန်ရှိတယ်လို့ ခံစားနေရတုန်းပါပဲ။ အစအဆုံး တကယ်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် အခုလိုမျိုး အဆုံးသတ်သွားတာကို စိတ်ပျက်မိပါတယ်။ ကျွန်တော် သူ့ကို တကယ်ပဲ ချစ်ခင်လေးစားခဲ့လို့ တခြားသူတွေထက် ပိုပြီး ဝမ်းနည်းခဲ့ရပါတယ်" လို့ တယ်ရီက ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်မှထွက်လာပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်ဆီ တစ်ကျော့ပြန် ရောက်လာခဲ့ပါသေးတယ်။ အဲဒီမှာလည်း လိဂ်ဖလားနဲ့ အမှတ်ပေးချန်ပီယံဆုကို ထပ်ရခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ရာထူးမှ ထပ်မံထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း ချဲလ်ဆီးဆီ သူ ပြန်ရောက်လာသေးပေမဲ့ နည်းပြလောကမှာ ဆက်လက်ကျင်လည်နေဆဲဖြစ်လို့ အနာဂတ်မှာ နှစ်ဖက်အကြား ပြန်လည်လက်တွဲဦးမလား စောင့်ကြည့်သွားရပါမယ်။