ဝုဗ်ကိုအနိုင်ရတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲထွက်ကစားပြီး ခြေစွမ်းပြသခဲ့တဲ့ အန်ဂူမိုဟာအတွက် အန်းစလော့ကျေနပ်အားရနေ
ဝုဗ်ကို အနိုင်ရရှိခဲ့တဲ့ သောကြာညပိုင်း၊ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ လီဗာပူးနည်းပြအန်းစလော့က လူငယ်ကစားသမားလေး အန်ဂူမိုဟာကို ပွဲထွက်လူစာရင်းအတွက် ထည့်သွင်းအသုံးပြုနိုင်လို့ အားရကျေနပ်နေပါတယ်။
လီဗာပူးက ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အန်ဂူမိုဟာက ပွဲချိန် ၆၉ မိနစ်အထိ ပါဝင်ကစားခဲ့ပြီးနောက် သူ့ရဲ့နေရာမှာ ဒဏ်ရာမှ ပြန်လည်သက်သာလာတဲ့ ဖလော်ရီယန်ဝစ်ဇ် လူစားဝင်ကစားခဲ့ပါတယ်။
ပွဲစဉ်အပြီး အန်းစလော့က "အသက် ၁၇ နှစ်အရွယ်မှာတင် ပရီးမီးယားလိဂ်အဆင့်ရှိတဲ့ပွဲစဉ်တစ်ခုမှာ ကစားခွင့်ရတယ်ဆိုတာ ထူးခြားတဲ့အရာလို့ ကျွန်တော်ထင်ပါတယ်။ ဒါက အက်ဖ်အေဖလားပွဲစဉ်ဖြစ်ပေမဲ့ ပရီးမီးယားလိဂ်အသင်းနှစ်ခု အချင်းချင်းထိပ်တိုက်ရင်ဆိုင်ရတာလေ။
ဒီလိုပွဲမျိုးမှာ တစ်ဦးချင်းရင်ဆိုင်ကျော်ဖြတ်မှုတွေနဲ့ အသင်းအပေါ် အကျိုးသက်ရောက်မှုရှိအောင် လုပ်ပြနိုင်ခြင်းတွေက သူ့ကို ထူးခြားတဲ့သူ ဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ခေတ်သစ်ဘောလုံးလောကမှာ တစ်ဦးချင်းရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိတဲ့ကစားသမား အများကြီးမရှိလို့ပါပဲ။ ဒါက သူလုပ်နိုင်တဲ့ အရည်အချင်းတစ်ခုပါ။ ကျွန်တော့်အမြင်အရတော့ သူက လွန်ခဲ့တဲ့သုံးရက်ပွဲစဉ်ထက်စာရင် ဘောလုံးကို ပိုပြီးထိန်းထားနိုင်တဲ့အတွက် ပိုကောင်းလာတယ်လို့ ထင်ပါတယ်။
လွန်ခဲ့တဲ့သုံးရက်တုန်းကတော့ သူကိုယ်တိုင် ဘောလုံးဆုံးရှုံးရတာမျိုးတွေ ရှိခဲ့ပေမဲ့ သူ့ရဲ့လှုပ်ရှားမှုတွေက အသင်းအတွက် အကျိုးရှိခဲ့ပါတယ်။ ဒီနေ့မှာလည်း အဲ့ဒီလိုပါပဲ၊ ဒါပေမဲ့ ဘောလုံးကိုထိန်းထားသင့်တဲ့အချိန်တွေမှာ အရင်ထက် ပိုကောင်းအောင် သူလုပ်ပြနိုင်ခဲ့ပါတယ်။
ဒီပွဲက ခံစစ်ကစားသမားငါးဦးနဲ့ပွဲထွက်လာတဲ့အသင်းကို ရင်ဆိုင်ရတာဖြစ်လို့ သူ့အတွက်တော့ ကောင်းပါတယ်။ တောင်ပံကစားသမားတစ်ဦးအတွက် ဗဟိုနောက်ခံလူသုံးဦးအနက် တစ်ဦးကိုပဲ ရင်ဆိုင်ရတာလေ။ ပြီးတော့ နောက်ခံလူလေးဦးနဲ့ကစားတဲ့အသင်းတွေကို ရင်ဆိုင်ရတာထက်စာရင် ခံစစ်ပိုင်းကိုလည်း အများကြီးပြန်ကူစရာ မလိုပါဘူး။
ခံစစ်ကို အများကြီးအားစိုက်စရာမလိုလို့ သူ့ရဲ့ခွန်အားတွေကို တိုက်စစ်ပိုင်းမှာပဲ အပြည့်အဝအသုံးချခွင့်ရရှိတယ်ဆိုတာ သူ့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။