ရာယန် ဘီလိတ် အက်သလက်တီကို မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆို
ရာယန် ဘီလိတ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းကို ၂၀၂၉ ခုနှစ်အထိ တိုးမြှင့်ချုပ်ဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့လကမှ အသက် ၂၁ နှစ် ပြည့်ခဲ့တဲ့ ရာယန်ဟာ အရည်အချင်းရှိတဲ့ တိုက်စစ်ကွင်းလယ်ကစားသမား တစ်ဦးဖြစ်ပါတယ်။
သူဟာ အခုရာသီမှာ ဖာနန်ဒိုတောရက်စ် ကိုင်တွယ်နေတဲ့ အက်သလက်တီကို အရန်အသင်း အတွက် ၁၉ ပွဲ ကစားပေးထားရာမှာ ၁၅ ပွဲကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပါတယ်။
ရာယန်ဟာ ပြီးခဲ့တဲ့နှစ် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းအတွက် ပါဝင်ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။
အိုရီဟွဲလားမြို့မှာ မွေးဖွားခဲ့တဲ့ ဒီတိုက်စစ်ကစားသမားလေးဟာ အယ်လ်ဂျီးရီးယား ယူ-၂၀ အသင်းရဲ့ ခေါ်ယူမှုကို တစ်ပြိုင်နက်တည်း ရရှိခဲ့ပေမဲ့ အစပိုင်းမှာတော့ စပိန် ယူ-၁၉ အသင်းမှာ ကစားဖို့အတွက်သာ ရွေးချယ်ခဲ့ပါတယ်။
သူဟာ စပိန်အသင်းအတွက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူ-၂၀ ကမ္ဘာ့ဖလားမှာလည်း စပိန်အသင်း အဆင့်ဆင့်တက်လှမ်းနိုင်အောင် ခြေစွမ်းကောင်းတွေ တိုးတက်ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။