The network connection is lost.

Banner Image

စိတ်ပျက်ဖွယ်အိမ်ကွင်းရှုံးနိမ့်မှုအပြီး ဆုဖလားပြိုင်ပွဲ အဆုံးမသတ်သေးဘူးလို့ အခိုင်အမာပြောကြားလာတဲ့ အာဘီလိုအာ

တနင်္လာညပိုင်း၊ အိမ်ကွင်းမှာ ဂီတာဖေးကို ရှုံးနိမ့်ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက ဆုဖလားမျှော်လင့်ချက်ကို ဘယ်တော့မှလက်မလျှော့ဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

အခုပွဲစဉ်မှာ ဂီတာဖေးက ဆာထရီယာနိုရဲ့ပထမပိုင်းသွင်းဂိုးကြောင့် ၀-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမိနစ်တွေမှာတော့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး မာစတန်တူအိုနိုနဲ့ ဧည့်သည်အသင်းကစားသမားလီဆိုတို့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပွဲစဉ်အပြီး အာဘီလိုအာက "လက်ကျန်ပွဲစဉ်တွေအရ ၃၆ မှတ် ကျန်နေပါသေးတယ်။ ကျွန်တော်တို့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က ဒီ ၃၆ မှတ်လုံးရရှိအောင် တိုက်ပွဲဝင်ဖို့ပါပဲ။ ဒီမှာရှိတဲ့ ဘယ်သူကမှ လက်လျှော့ အရှုံးပေးမှာ မဟုတ်ပါဘူး။ ဒါ ရီးရဲလ်မက်ဒရစ်ပါ၊ နောက်ဆုံးပွဲစဉ်အထိ ဘယ်အရာကိုမှ အရှုံးပေးမှာ မဟုတ်ဘူး" လို့ ပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။
"၄ မှတ်အကွာဆိုတာ ကျွန်တော်တို့ကျော်ဖြတ်နိုင်တဲ့ အကွာအဝေးတစ်ခုလို့ ယုံကြည်ပါတယ်၊ ဒါကြောင့် ရှေ့လာမယ့် ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်မှစလို့ အစွမ်းကုန်ကြိုးစားတိုက်ပွဲဝင်သွားပါမယ်။ ဒါ ရီးရဲလ်မက်ဒရစ်ဖြစ်လို့ ဘယ်သူမှ လက်မလျှော့ကြသေးပါဘူး" လို့ ၎င်းက ဆိုပါတယ်။

ပွဲစဉ်အခြေအနေနဲ့ပတ်သက်လို့ အာဘီလိုအာက "ဂီတာဖေးထက်ပိုပြီး ကျွန်တော်တို့အတွက် သိသာထင်ရှားတဲ့ ဂိုးသွင်းခွင့်တွေ ရခဲ့တယ်လို့ ထင်ပါတယ်။ တကယ်တော့ ဒီထက်ပိုပြီးကောင်းအောင် လုပ်နိုင်ခဲ့သင့်တဲ့ပွဲစဉ်မျိုးပါ၊ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းယှဉ်ပြိုင်နိုင်ခဲ့သလို သူတို့ထက်လည်း အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။ ပွဲစကတည်းက ဂိုးရဖို့ ကြိုးစားခဲ့ကြတာပါ" လို့ ရှင်းပြပါတယ်။

"ဗင်နီစီးယက်စ်ရဲ့ ပထမပိုင်းအခွင့်အရေးဆိုရင် အရမ်းသေချာခဲ့တာပါ၊ ဒုတိယပိုင်းမှာလည်း ရူဒီဂါနဲ့ ရိုဒရီဂိုတို့ရဲ့အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ အခွင့်အရေးတွေအများကြီးရခဲ့တာကြောင့် ကျွန်တော်တို့ ဂိုးတစ်ဂိုးတော့ ရသင့်တယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ ဘောလုံးဆိုတာက ရသင့်ရထိုက်တာနဲ့တင် ဆုံးဖြတ်လို့မရပါဘူး။ ဂီတာဖေးကတော့ သူတို့လုပ်နေကျအတိုင်း အကောင်းဆုံးလုပ်ဆောင်သွားပါတယ်။ ကျွန်တော်တို့ ဘယ်လိုပွဲမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကြိုသိထားပြီးသားပါ၊ ကျွန်တော်တို့မမျှော်လင့်ထားတဲ့အရာ ဘာမှမဖြစ်လာခဲ့ပါဘူး" လို့ ပြောခဲ့ပါတယ်။
ဒီရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ဘာစီလိုနာနဲ့ လေးမှတ်အကွာ၊ ဒုတိယနေရာမှာ ရှိနေပါတယ်။

အာဘီလိုအာက "ကျွန်တော်တို့မှာ အမှတ် ၃၆ မှတ် ကျန်ပါသေးတယ်၊ ဒီအမှတ်တွေ အကုန်ရရှိဖို့ဆိုတာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ပါပဲ။ ဒီနေ့လိုရှုံးနိမ့်မှုမျိုး ကြုံရပြီးတဲ့နောက် အခြေအနေတွေ တော်တော်လေးဆိုးရွားနေသလို ထင်ရပြီး မျှော်လင့်ချက်လည်း သိပ်မရှိတော့ဘူးလို့ ခံစားရနိုင်တာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ရှိပြီးသားပါ။ ဆယ်လ်တာဗီဂိုမှာ ခက်ခဲတဲ့ ပွဲစဉ်ရှိနေပြီး အဲဒီပွဲကိုလည်း အနိုင်ရအောင် ကစားရပါမယ်။ အဲဒီနောက်မှာ မန်စီးတီးလို ပြိုင်ဘက်ကောင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ရှိနေပါတယ်။ ဒါပေမဲ့ ဒီမှာ ဘယ်သူကမှ လာလီဂါရော၊ တခြားဘယ်ပြိုင်ပွဲကိုမှ လက်မလျှော့သေးပါဘူး။ ၃၆ မှတ် ကျန်သေးတယ်၊ အများကြီးပြုပြင်ပြောင်းလဲဖို့ လိုနေတယ်ဆိုတာကို သိလျက်နဲ့ပဲ ဒီအမှတ်တွေအတွက် အစွမ်းကုန်ကြိုးစားသွားပါမယ်။ ဒီနေ့အတွက် ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုတော့ ကျွန်တော်အပြစ်မတင်ပါဘူး၊ ဒါက အပြစ်ပြောစရာမဟုတ်ပါဘူး။ ဒီထက်ပိုပြီး ကောင်းအောင်မလုပ်နိုင်ခဲ့တာ ကျွန်တော့်ရဲ့တာဝန်ပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။