ဂိုးဒါဇင်ဝက်ကျော်နိုင်ပွဲရရှိပေမဲ့ ဖိလစ်ပီလူးဝစ်နဲ့လမ်းခွဲခဲ့တဲ့ ဖလာမင်ဂို
ဖလာမင်ဂိုအသင်းအသင်းက နည်းပြဖိလစ်ပီလူးဝစ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။ ချဲလ်ဆီးနဲ့ အက်သလက်တီကိုမက်ဒရစ်နောက်ခံလူဟောင်းက မာဒူရီရာ(Madureira)အသင်းနဲ့ရင်ဆိုင်ရတဲ့ တနင်္လာညပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပေမဲ့ ရာထူးမှထုတ်ပယ်ခံခဲ့ရပါတယ်။
ဒီပွဲစဉ်မှာ ဖလာမင်ဂိုက မာဒူရီရာကို ၈-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၁၁-၀ ဂိုးဖြင့် Campeonato Carioca ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခြားပြည်တွင်းဖလားပြိုင်ပွဲတွေမှာ ရလဒ်ပိုင်းဆိုးရွားခဲ့လို့ ဖလာမင်ဂိုးက လူးဝစ်ကို ရာထူးမှဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကလပ်အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာတော့ "ဖလာမင်ဂိုအနေနဲ့ အင်္ဂါနေ့ (မတ် ၃ ရက်)မှစပြီး ဖိလစ်ပီလူးဝစ်ကို အသင်းရဲ့ စီနီယာအသင်းအတွက် ဆက်လက်တာဝန်ပေးသွားဖို့ မရှိဘူးလို့ အသိပေးလိုပါတယ်။ သူ့နဲ့အတူ လက်ထောက်နည်းပြအိုင်ဗန်ပါလန်ကိုနဲ့ ကြံ့ခိုင်ရေးနည်းပြဒီယေဂိုလင်ဟာရက်စ်တို့လည်း အသင်းမှ တစ်ပါတည်းထွက်သွားပါလိမ့်မယ်" လို့ အတည်ပြုဖော်ပြထားပါတယ်။
ဒါ့အပြင် "ဖလာမင်ဂိုအသင်းအနေနဲ့ ကစားသမားဟောင်းလည်းဖြစ်၊ နည်းပြလည်းဖြစ်တဲ့ ဖိလစ်ပီလူးဝစ်ကို အသင်းနဲ့အတူဖြတ်သန်းခဲ့တဲ့ခရီးစဉ်တစ်လျှောက် ရရှိခဲ့တဲ့အောင်မြင်မှုတွေနဲ့ အမှတ်တရတွေအတွက် ကျေးဇူးတင်ရှိပါတယ်။ သူ့ရဲ့ နောင်လာမယ့်ပရော်ဖက်ရှင်နယ်လုပ်ငန်းခွင်မှာလည်း အောင်မြင်မှုတွေ ရရှိစေဖို့နဲ့ ကံကောင်းစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်" လို့လည်း ဆိုထားပါတယ်။
ဖလာမင်ဂိုအသင်းကို ယမန်နှစ်၊ ကိုပါလစ်ဘာတေးဒိုးချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လူးဝစ်က ဥရောပဘောလုံးလောကဆီ ပြန်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။