ကာတာကလပ် အယ်လ်ဆေလီယာဆီ ပြောင်းရွှေ့သွားတဲ့ ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းအန်တိုနီယို
ဝက်စ်ဟမ်းအသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားမီချေးလ်အန်တိုနီယိုက ပြင်းထန်တဲ့ကားမတော်တဆမှုကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက်ပိုင်း ပထမဆုံးကလပ်အသင်းအဖြစ် ကာတာအခြေစိုက်အယ်လ်ဆေလီယာကလပ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့တယ်လို့ အဆိုပါကလပ်အသင်းမှ တနင်္လာနေ့မှာ အတည်ပြုကြေညာလိုက်ပါတယ်။
ကာတာကလပ်အသင်းက ဒီအပြောင်းအရွှေ့ကို X လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်ဂျမေကာလက်ရွေးစင်ကစားသမားကိုယ်တိုင် အသင်းဂျာစီဝတ်ထားတဲ့ဓာတ်ပုံနဲ့အတူ သူရဲ့သွင်းဂိုးတွေ၊ လေ့ကျင့်ခန်းဆင်းနေတဲ့မှတ်တမ်းဗီဒီယိုတွေကိုပါ ဖော်ပြခဲ့ပါတယ်။ စာချုပ်သက်တမ်းနဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
ဝက်စ်ဟမ်းက အန်တိုနီယိုကို စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဩဂုတ်လအတွင်း အသင်းနဲ့ ကစားသမား လမ်းခွဲခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လေ့ကျင့်ရေးကွင်းမှအပြန် လမ်းမှာ မော်တော်ကားနဲ့ သစ်ပင် မတော်တဆတိုက်မိခဲ့တဲ့ဖြစ်စဉ်ကြောင့် အန်တိုနီယိုက ကလပ်အသင်းအတွက် မကစားပေးနိုင်တော့ပါဘူး။ ဒီမတော်တဆဖြစ်ရပ်ကြောင့် အန်တိုနီယိုရဲ့ပေါင်ရိုးတွေ အက်ကွဲသွားခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရသလို ဆေးရုံမှာလည်း သီတင်းပတ်သုံးပတ်ကြာ ကုသခဲ့ရပါတယ်။
သူက ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ ကျင်းပခဲ့တဲ့ Gold Cup အုပ်စုပွဲစဉ်၊ ဂွာတီမာလာနဲ့ရင်ဆိုင်ရချိန် ဂျမေကာအသင်းအတွက် ပွဲချိန် ၈၅ မိနစ်မှာ လူစားဝင်ကစားပေးရင်း ဘောလုံးကွင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာတော့ ဂျမေကာက ၁-၀ ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အန်တိုနီယိုက ၂၀၁၅ ခုနှစ်မှာ ဝက်စ်ဟမ်းဆီ ရောက်ရှိလာခဲ့ပြီးလန်ဒန်အခြေစိုက်ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂၃ ပွဲကစား၊ ၈၃ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် သူက ပရီးမီးယားလိဂ် ၆၈ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ ဝက်စ်ဟမ်းအသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။