ပုခုံးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် ရာသီကုန်အထိ အနားယူရမယ့် လီဗာပူးကစားသမားဂျက်ကေး
လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတဲ့ နောက်ခံလူဂျက်ကေးဟာ ပုခုံးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူရဖို့ရှိနေပြီး အခုရာသီအတွက် လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်သွားပါတော့မယ်။
အန်းစလော့ရဲ့အသင်းက ဂျက်ကေးကိုခေါ်ယူနိုင်ဖို့ ချယ်လ်ဆီးနဲ့ အပြိုင်ကြိုးစားခဲ့ရပြီး ယူရို ၇၂ သန်းတန် အပြောင်းအရွှေ့သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ သူက ၂၀၂၅-၂၆ ဘောလုံးရာသီကုန်ဆုံးချိန် အန်ဖီးလ်ကွင်းဆီ တရားဝင်ပြောင်းရွှေ့လာပါလိမ့်မယ်။
အသက် ၂၀ အရွယ်ခံစစ်မှူးက လီဗာပူးဆီပြောင်းရွှေ့ဖို့ အတည်ပြုပြီး ရက်ပိုင်းအကြာမှာတင် လန်းစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရန်းနက်စ်ရဲ့ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပြင်းထန်ပုခုံးဒဏ်ရာကို ရရှိခဲ့ပါတယ်။
Ouest-France ရဲ့ဖော်ပြချက်အရ နောက်ခံလူရဲ့ဒဏ်ရာက ခွဲစိတ်ကုသမှုခံယူရဖို့ရှိနေလို့ ရန်းနက်စ်မှမထွက်ခွာခင် အသင်းအတွက် ပြန်ကစားပေးနိုင်မယ့် အခွင့်အလမ်း အတော်လေးနည်ပါးသွားပြီလို့ သိရပါတယ်။
လီဗာပူးအသင်းဘက်ကလည်း ဂျက်ကေးနဲ့ အနီးကပ်ဆက်သွယ်မှုတွေ ရှိနေပေမဲ့ အခုလိုခွဲစိတ်မယ့်အရေးကိစ္စဆုံးဖြတ်ချက်မှာတော့ အင်္ဂလန်ချန်ပီယံတွေ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။