အမေရိကန်လက်ရွေးစင်ကြယ်ပွင့်မက်ကန်နီကို စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဂျူဗင်တပ်အသင်း
အမေရိကန်လက်ရွေးစင်အသင်းကွင်းလယ်ကစားသမားဝက်စတန်မက်ကန်နီက ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားက အီတလီထိပ်သီးကလပ်မှာ စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်းဖြင့် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ကာလတာရှည်ထွက်ပေါ်နေတဲ့ ခန့်မှန်းချက်တွေကို အဆုံးသတ်လိုက်ပါတယ်။
မက်ကန်နီရဲ့စာချုပ်ဟောင်းမှာ ၂၀၂၅-၂၆ ဘောလုံးရာသီကုန်ဆုံးချိန် သက်တမ်းပြည့်မြောက်ဖို့ရှိနေပေမယ့် အခုအခါမှာတော့ သူက ၂၀၃၀ ပြည့်နှစ်အထိ ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိနေပါတော့မယ်။
" မက်ကင်နီဟာ အခြားသူတွေနဲ့မတူဘဲ နေရာစုံမှာ ကစားနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်သလို ကွင်းထဲက ဘယ်နေရာမှာမဆို တကယ်ပဲ ဝင်ရောက်ကစားပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း သူက ကွင်းလယ်လူအဖြစ် စတင်ကစားခဲ့ပေမဲ့ ဂိုးသွင်းရှင်၊ အဆုံးသတ်သမား၊ တောင်ပံကစားသမား၊ နောက်ခံလူနဲ့ ခံစစ်မှူးအထိ အဆင့်မြင့်မြင့်စွမ်းဆောင်နိုင်ခဲ့တာကို လက်တွေ့ပြသနိုင်ခဲ့ပါတယ်" လို့ ဂျူဗင်တပ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် "သူဟာ ဘယ်ညာတောင်ပံနှစ်ဖက်စလုံးမှာ အသုံးပြုနိုင်တဲ့၊ အားကိုးရတဲ့ လက်နက်ကောင်းတစ်ခုဖြစ်ပြီး နည်းပြစပယ်လက်တီအတွက် ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို တိုက်စစ်ဆင်ဖို့ အဆင်သင့်ရှိနေသူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့ လူငယ်လေးဖြစ်သလို အခုဆိုရင် နေ့စဉ်လေ့ကျင့်ရေးကွင်းမှာ ကြိုးစားခဲ့တဲ့ ရလဒ်ကောင်းတွေကို ခံစားနေရပါတယ်။ ဂျူဗင်တပ်မိသားစုတစ်ခုလုံးက မက်ကန်နီအတွက် ဂုဏ်ယူဝမ်းမြောက်နေပါတယ်" လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။