
Gold Cup ဗိုလ်လုပွဲအရှုံးမှ သင်ခန်းစာယူသွားရမယ်လို့ ပိုချက်တီနိုပြော
တနင်္လာနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ Concacaf Gold Cup ဗိုလ်လုပွဲမှာ မက္ကဆီကိုကို ရှုံးနိမ့်ကာ ဆုဖလားနဲ့လွဲချော်ခဲ့ပြီးနောက် အမေရိကန်လက်ရွေးစင်နည်းပြ မော်ရီစီယိုပိုချက်တီနိုက အဆိုပါပွဲစဉ်မှ ရှုံးနိမ့်မှုကို သင်ခန်းစာယူသွားရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ အမေရိကန်အနေနဲ့ ယခုပွဲစဉ်မှာ နောက်ခံလူ ခရစ် ရစ်ချတ်ရဲ့သွင်းဂိုးနဲ့ မက္ကဆီကိုကို စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ရာအူးလ်ဂျင်မီနက်ဇ်၊ အက်ဒ်ဆန်အယ်လ်ဗာရက်ဇ်တို့ရဲ့သွင်းဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ၂-၁ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ပိုချက်တီနိုက ယခုရှုံးပွဲဟာ နာကျင်ရပေမယ့် အရှုံးကိုသင်ခန်းစာယူပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားရမယ်လို့ဆိုပါတယ်။ အာဂျင်တီးနားသားနည်းပြက "ဒီပွဲက ကျွန်တော်တို့အတွက် ကြီးမားတဲ့သင်ခန်းစာကိုပေးပါတယ်။ အရမ်းကောင်းတဲ့ပြိုင်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့အခုထက်ပိုကောင်းဖို့လိုသေးတယ်ဆိုတာ မီးမောင်းထိုးပြခဲ့ပါတယ်"
"ဆုဖလားတစ်လုံး၊ ဒါမှမဟုတ် ပွဲတစ်ပွဲကိုရှုံးနိမ့်ရတာက အမြဲတမ်းနာကျင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ခေါင်းမော့ရင်ကော့ပြီး ရှေ့ဆက်နိုင်ရပါမယ်။ ဒီပြိုင်ပွဲက အရမ်းကောင်းတဲ့ပြိုင်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့ ဒီအတိုင်းရှေ့ဆက်သွားရပါမယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီထက်ပိုကောင်းလာဖို့ ကျွန်တော်တို့ဆက်လက်ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အမေရိကန်ဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ခရစ်ရှင်ပူလီဆစ်၊ ယူနက်စ်မူဆာတို့အပါအဝင် ဝက်စ်တန်မက်ကန်နီ၊ ဂီယိုရေနာနဲ့ တင်မ်တီတို့ကို ထည့်သွင်းအသုံးပြုနိုင်ခဲ့ခြင်းမရှိပေမယ့် ပိုချက်တီနိုကတော့ အသင်းရဲ့လူစာရင်းမပြည့်စုံမှုကို အကြောင်းပြချက်အနေနဲ့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ပိုချက်တီနိုက "ဒီနေ့ကျွန်တော်တို့အသုံးပြုခဲ့တဲ့လူစာရင်းက ဒီပွဲမှာပါဝင်ဖို့ထိုက်တန်တဲ့လူစာရင်းပါပဲ။ ဒါကြောင့် အခုချိန်က ဒီပွဲမှာ ဘယ်ကစားသမား ဝင်ကစားသင့်တယ်၊ ဝင်ကစားသင့်ဘူးဆိုတာ ငြင်းခုန်နေရမယ့်အချိန်မဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ လာမယ့်စက်တင်ဘာလအတွင်းမှာတော့ အမေရိကန်ဟာ ခြေစမ်းပွဲစဉ်တွေအဖြစ် တောင်ကိုရီးယားနဲ့ ဂျပန်တို့ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားပါမယ်။