ဖလော်ရီယန်ဝစ်ဇ်နဲ့ အီဆက်ခ်တို့အတွက် ကြီးမားတဲ့စီမံကိန်းတွေ ရှိနေတယ်လို့ အီရာအိုလာ ဖွင့်ဟ
လီဗာပူးနည်းပြအီရာအိုလာက ဖလော်ရီယန်ဝစ်ဇ်နဲ့ အီဆက်ခ်တို့ရဲ့တိုးတက်မှုအခြေအနေအကြောင်းကို ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ အီဆက်ခ်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့အတွက် ပေါင်သန်း ၂၀၀ ကျော်အထိ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါပေမဲ သူတို့နှစ်ဦးလုံးရဲ့ မာဆေးဆိုဒ်မြေစတင်မှုက အကောင်းအဆိုးဒွန်တွဲနေခဲ့ပါတယ်။
အီဆက်ခ်က ဒဏ်ရာပြဿနာတွေကြောင့် အသင်းအတွက် အစွမ်းပြခွင့် သိပ်မရခဲ့ပါဘူး။ ဖလော်ရီယန်ဝစ်ဇ်ကတော့ ပုံစံကောင်းပြန်ရရှိဖို့ကြိုးစားရင်း ပြိုင်ပွဲစုံ ၇ ဂိုး သွင်းယူခဲ့ပါတယ်။ နည်းပြဟောင်းအန်းစလော့လက်ထက်မှာ ဖလော်ရီယန်ဝစ်ဇ်က ဘယ်တောင်ပံမှာ ၁၄ ကြိမ်အထိ ပါဝင်ကစားခဲ့ရပြီး တိုက်စစ်ပိုင်းအခွင့်အရေးဖန်တီးမှုအားနည်းနေတဲ့ လီဗာပူးအသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ကစားသမားနေရာပြောင်းလဲမှုနဲ့ပတ်သက်ပြီး အီရာအိုလာက ဖလော်ရီယန်ဝစ်ဇ်ကို တောင်ပံမှာ မထားတော့ဘဲ ဗဟိုနေရာမှာပဲ ကစားသွားစေမယ်လို့ ဆိုပါတယ်။
"တခြားကစားသမားတွေလိုပဲ အထူးသဖြင့် ဖလော်ရီယန်ဝစ်ဇ်ဆီမှ အကောင်းဆုံးပုံစံမျိုး ကျွန်တော်တို့ လိုအပ်ပါတယ်။ သူ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ သိသလို သူက ကျွန်တော့်ရဲ့ ကစားကွက်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်ပါတယ်"
"သူ့ကို တိုက်စစ်မှူးရဲ့နောက်မှာ ပို့ထားပါမယ်။ အရင်ဘယ်ခြမ်းမှာ တခါတလေ ကစားခဲ့ရတာ သိပေမဲ့ အခုတော့ တိုက်စစ်မှူးရဲ့နောက်မှာပဲ ထားပြီး လေ့ကျင့်ပေးသွားပါမယ်။ သူက တကယ့်ကိုပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးပါ။ သူ့မှာရှိပြီးသား အရည်အချင်းကောင်းတွေအပြင် နောက်ထပ်အသစ်တွေပါ ထပ်တိုးပေးချင်ပါတယ်။ စိတ်ဓာတ်ပိုင်းကလည်း တကယ့်ကိုအကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်" လို့ အီရာအိုလာက ဆိုပါတယ်။
ဆက်လက်ပြီး အီရာအိုလာက အီဆက်ခ်နဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။ လူအများကလည်း အီဆက်ခ်သာ ကြံ့ခိုင်မှုပြည့်၀နေမယ်ဆိုရင် တစ်ရာသီ၊ ဂိုး ၂၀ ကျော် သွင်းယူနိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။
"အခြေအနေကောင်းနဲ့အတူ အီဆက်ခ် ပြန်ရောက်လာတယ်လို့ ထင်ပါတယ်။ ကမ္ဘာ့ဖလားမှာလည်း သူကောင်းကောင်းကစားခဲ့သလို ပေါ့ပေါ့ပါးပါးရှိတာကို တွေ့ရပါတယ်။ ဒီမှာ ပထမဆုံးလေ့ကျင့်ခန်းဆင်းချိန်မှာလည်း အီဆက်ခ်ရဲ့အခြေအနေက တော်တော်လေး ကောင်းပါတယ်"
"အခုမှ လေ့ကျင့်ခန်းစဆင်းတာဆိုတော့ စောတော့စောပါသေးတယ်၊ ဒါပေမဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သူ ခဏလောက်ပါဝင်ကစားနိုင်ပြီး ရာသီကြိုပြင်ဆင်မှုတွေကို သေသေချာချာ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အချိန်သိပ်မကျန်တော့ပေမဲ့ ၃ ပတ် ဒါမှမဟုတ် ၄ ပတ်လောက်တော့ အသေအချာလေ့ကျင့်ခွင့်ရပါလိမ့်မယ်။ သူက အခုဘောလုံးရာသီမှာ ကျွန်တော်တို့အတွက် အလွန်အရေးပါသူ ဖြစ်နေလို့ သူ့ကို အကောင်းဆုံးအခြေအနေရောက်အောင် လုပ်ပေးသွားပါမယ်" လို့ နည်းပြက ရှင်းပြခဲ့ပါတယ်။
လီဗာပူးအသင်းက ဝရက်ဇ်ဟမ်းနဲ့ပွဲစဉ်အတွက် နယူးယောက်မြို့ဆီ သွားရောက်ခဲ့ရာမှာ အီဆက်ခ်၊ ဂရာဗန်ဘတ်ချ်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ မပါဝင်လာခဲ့ပါဘူး။ သူတို့က အခုသီတင်းပတ်ပိတ်ရက်၊ ချီကာဂိုမြို့ရှိ Soldier Field ကွင်းမှာကစားမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်အတွက်သာ ပါဝင်လာဖို့ ရှိနေပါတယ်။