ရေးဗားပလိတ်မှာ ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ ချယ်လ်ဆီးလူငယ်ကြယ်ပွင့်ပါအက်ဇ်
ချယ်လ်ဆီးလူငယ်ပါရမီရှင်ကစားသမားကန်ဒရီပါအက်ဇ်က အငှားကစားသမားအဖြစ် ရေးဗားပလိတ်မှာကစားနေစဉ် ပြင်းထန်ဒဏ်ရာတစ်ခုနဲ့ ကြုံတွေ့သွားခဲ့ပါတယ်။
အခုဘောလုံးရာသီရဲ့ပထမရာသီဝက်ကာလကို စထရာဘော့ဆီ အငှားထွက်ကစားခဲ့တဲ့ ပါအက်ဇ်က လတ်တလောမှာတော့ ပုခုံးဒဏ်ရာကို ပြင်းပြင်းထန်ထန်ခံစားနေရပါတယ်။
ရေးဗားပလိတ်အတွက် နှစ်ပွဲကစားပေးထားတဲ့ အီကွေဒေါလက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဗီလက်ဇ်ဆာဖီးလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒုတိယပိုင်းလူစားဝင်ကစားသမားအဖြစ် ပါဝင်လာခဲ့ပေမဲ့ ၂၅ မိနစ်သာ ကစားနိုင်ပြီး ကွင်းတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
အမြင်ဘောယှဉ်လုချိန် ဒဏ်ရာရရှိသွားတဲ့ ပါအက်ဇ်က သူ့ရဲ့လက်မောင်းကို ပြန်ကိုင်ပြီး ဆေးကုသမှုခံယူရန် အသင်းအရန်ခုံတန်းဆီ ချက်ချင်းဆိုသလို အချက်ပြခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ပွဲစဉ်အပြီးမှာတော့ အီကွေဒေါကြယ်ပွင့်ရဲ့ဘယ်ဘက်ခြမ်းပုခုံးအနီးတဝိုက် ပတ်တီးတွေ အထပ်ထပ်စည်းနှောင်ထားတာကို တွေ့ရှိခဲ့ရပါတယ်။ ရေးဗားပလိတ်အသင်းဘက်ကတော့ ပါအက်ဇ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့နှောင်းပိုင်းမှာ အသေးစိတ်သတင်းထုတ်ပြန်ပေးသွားဖို့ ရှိနေပါတယ်။