The network connection is lost.

Banner Image

ဗန်ဒါဆားနဲ့နှိုင်းယှဉ်ခံရနေရတဲ့အပေါ် သူ့ရဲ့ခံစားချက်ကို ဖွင့်ဟလာတဲ့ လမ်မန်းစ်

 မန်ချက်စတာယူနိုက်တက် ဂိုးသမား ဆန်နီလမ်မန်းစ်က တနင်္လာနေ့ည အဲဗာတန်နဲ့ပွဲမှာ ဂိုးမပေးရဘဲ အနိုင်ရရှိခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်နေပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ဘင်ဂျမင်ဆက်စ်ကိုက ၇၁ မိနစ်မှာ အနိုင်ဂိုးသွင်းပေးခဲ့ပြီး ယူနိုက်တက်အတွက် အဖိုးတန်ရမှတ်တွေ ရယူပေးနိုင်ခဲ့ပါတယ်။ လူအများစုအတွက်တော့ အဲဒီပွဲဟာ လမ်မန်းစ်ရဲ့ အကောင်းဆုံး လက်စွမ်းပြပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။၁-၀ နဲ့ အနိုင်ရရှိပြီးနောက်မှာ လမ်မန်းစ်က "ဒီနေ့ပွဲကတော့ အားလုံးစုပေါင်းပြီး အစွမ်းကုန် ခုခံကစားခဲ့တာပါ။ အထူးသဖြင့် ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံး မကစားနိုင်ခဲ့သလို ခက်ခက်ခဲခဲလည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ ပိုကောင်းအောင် လုပ်ရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ သေချာခုခံနိုင်ပြီး အမှားမလုပ်ဘူးဆိုရင် အရှေ့တန်းမှာ အပြောင်းအလဲလုပ်နိုင်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် အနိုင်ရဖို့ အခွင့်အရေးရှိပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ ရှိနေချင်တာပါ။ နည်းပြသစ် ရောက်လာကတည်းက ကျွန်တော်တို့အားလုံး စုပေါင်းပြီး ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော်နဲ့ ခံစစ်တန်းက ဂိုးမပေးရအောင် ထိန်းထားနိုင်ရင် အနိုင်ရဖို့ အခွင့်အရေးရှိမယ်ဆိုတာ သိပါတယ်" လို့ ပြောပါတယ်။

"အဲဗာတန်က လူကောင်ကြီးပြီး ကြံ့ခိုင်မှုကောင်းတဲ့ အသင်းပါ။ သူတို့ရဲ့ ထောင့်ကန်ဘောတွေနဲ့ တည်ကန်ဘောတွေကို ရင်ဆိုင်ရတာ ခက်ခဲမယ်ဆိုတာ ကြိုသိပါတယ်။ အမြင့်ဘောတွေကို ထွက်ပြီး ဖျက်ထုတ်တာက ကျွန်တော့်ရဲ့ အားသာချက်ဆိုပေမဲ့ ဒီနေ့မှာတော့ သူတို့က တော်တော်လေးကို ပြင်းထန်ခဲ့ပါတယ်။ ဂိုးစည်းနောက်ကနေ ထွက်လာပြီး ဖျက်ထုတ်ဖို့တောင် မနည်းလုပ်ခဲ့ရပါတယ်။ ဒါဟာ တော်တော်လေးကို များပြားလွန်းပေမဲ့ ဒါကို ဒိုင်လူကြီးက မြင်ဖို့ဆိုတာလည်း ခက်ခဲနိုင်ပါတယ်။ တခါတလေကျရင် ကိုယ့်ပတ်ပတ်လည်က ကစားသမားတွေကို သိပ်အာရုံစိုက်နေလို့ မရဘူး၊ အဲဒီလိုဆိုရင် ဘောလုံးကို အာရုံမရောက်တော့လို့ပါ။ ကျွန်တော့်ရဲ့ ခံစစ်ကစားသမားတွေက နေရာလွတ်ရအောင် လုပ်ပေးနိုင်မှ ကျွန်တော်က ဘောလုံးကို ထွက်ပြီး ပုတ်ထုတ်နိုင်မှာပါ။ ဒါပေမဲ့ အခုနောက်ပိုင်း ဒါက ပိုပြီးတော့ ခက်ခဲလာပါတယ်" လို့ လမ်မန်းစ်က ဆိုပါတယ်။

ဒါ့အပြင် လမ်မန်းစ်က "မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသမားတစ်ယောက်အနေနဲ့ ဖိအားတွေက ပိုများတာပေါ့၊ ဒါပေမဲ့ ကျွန်တော်ကတော့ စိတ်အေးအေးထားပြီး ကိုယ့်ခြေစွမ်းအတိုင်း ကစားဖို့ ကြိုးစားပါတယ်။ ကိုယ့်မှာ အရည်အချင်းရှိလို့ ဒီကို ရောက်နေတာလို့ ယုံကြည်ပါတယ်။ ကိုယ်ကိုယ်တိုင်ကိုလည်း ယုံကြည်တယ်၊ အသင်းဖော်တွေကလည်း ဝိုင်းဝန်းကူညီကြပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခုပါ။ ယုံကြည်မှုတွေလည်း တဖြည်းဖြည်း တိုးလာပါတယ်။ အက်ဒွင်ဗန်ဒါဆားနဲ့ နှိုင်းယှဉ်ခံရတာကတော့ အမြဲတမ်း ဝမ်းသာစရာ ကောင်းပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။