ဗူစကိုဗစ်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ဟမ်းဘတ်နည်းပြ ပိုလ်ဇင် မျှော်လင့်
ဟမ်းဘတ်အသင်းရဲ့ နည်းပြဖြစ်သူ မာလင်ပိုလ်ဇင်က လူကာဗူစကိုဗစ်ကို နောက်ရာသီမှာလည်း အသင်းမှာ ဆက်ပြီး ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အသက် ၁၈ နှစ်အရွယ် ခရိုအေးရှား နောက်ခံလူဟာ စပါးအသင်းကနေ ဟမ်းဘတ်အသင်းဆီ တစ်ရာသီအငှားနဲ့ လာရောက်ကစားနေသူ ဖြစ်ပါတယ်။
ဗူစကိုဗစ်ကို အသင်းမှာ ဆက်ထားနိုင်မယ့်အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ပိုလ်ဇင်က "ကျွန်တော်ကတော့ ကိုယ်ယုံကြည်တဲ့အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်တတ်တဲ့သူပါ။ ဘောလုံးလောကမှာ ဖြစ်နိုင်ခြေနည်းပြီး စိတ်ကူးယဉ်ဆန်တဲ့ အရာမျိုးတွေကိုတောင် ကျွန်တော်ကတော့ ယုံကြည်နေတတ်သူပါ" လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း "ဘယ်လိုပဲဖြစ်ဖြစ် ကလပ်အသင်းနှစ်ခုကြားမှာတော့ ရှင်းလင်းတဲ့ စာချုပ်သဘောတူညီချက် ရှိထားပြီးသားပါ" လို့ နည်းပြက သတိပေးစကားလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဟမ်းဘတ်အသင်းအတွက် အားသာချက်ဖြစ်စေမယ့် အချက်တစ်ခုကတော့ ဗူစကိုဗစ်ဟာ လက်ရှိမှာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံနေရတဲ့ သူ့ရဲ့အစ်ကို မာရီယိုဗူစကိုဗစ်နဲ့အတူ တွဲပြီး ကစားချင်နေတာပဲ ဖြစ်ပါတယ်။ မာရီယိုဟာ နောက်ရာသီ နိုဝင်ဘာလကျရင် ဟမ်းဘတ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။