The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်တိုင်းမှာ ကွင်းလုံးပြည့်လျှံလာရောက်အားပေးလိမ့်မယ်လို့ အင်ဖန်တီနိုပြောကြား

မြောက်အမေရိကဒေသမှာကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ် ၁၀၄ ခုကို "ကွင်းဝင်ခွင့်လက်မှတ်တွေအားလုံး ရောင်းကုန်တဲ့အထိ" ပရိသတ်အပြည့်ဖြင့် ကစားသွားလိမ့်မယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက ဗုဒ္ဓဟူးနေ့၊ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

"ဝယ်လိုအား အရမ်းမြင့်မားနေပါတယ်။ ပွဲစဉ်အားလုံးအတွက် လက်မှတ်တွေ ကုန်သွားပါပြီ" လို့ ၎င်းက CNBC ကို ပြောကြားခဲ့ပြီး "နောက်ဆုံးမိနစ်အရောင်းအတွက် လက်မှတ်တချို့ကိုတော့ ချန်ထားပါသေးတယ်" လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဇွန် ၁၁ ရက်၊ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လက်မှတ်ရောင်းချမှုဒုတိယအဆင့် ပြီးခဲ့တဲ့လအတွင်း ပြီးဆုံးသွားခဲ့ပါပြီ။ ရရှိနိုင်တဲ့ လက်မှတ် ၇ သန်းဝန်းကျင်အတွက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၂၀၀ ကျော်မှ လေးပတ်အတွင်း ဝယ်ယူခွင့်တောင်းဆိုမှုပေါင်း ၅၀၈ သန်းအထိ ရှိခဲ့တယ်လို့ အင်ဖန်တီနိုက မှတ်ချက်ပြုခဲ့ပါတယ်။

"ဒါမျိုး တစ်ခါမှမကြုံဖူးပါဘူး၊ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်" လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ဝမ်းမြောက်ဝမ်းသာ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမိနစ်လက်မှတ်ရောင်းချမှုအဆင့်ကို ဧပြီလမှာ စတင်ဖို့ရှိနေပြီး ဗိုလ်လုပွဲကျင်းပမယ့် ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်သွားမယ်လို့ သူက ဆိုပါတယ်။ ပရိသတ်အဖွဲ့အစည်းတွေက "လွန်လွန်ကဲကဲ ဈေးကြီးလွန်းတယ်" လို့ ဝေဖန်နေကြပြီး ပြန်လည်ရောင်းချတဲ့အင်တာနက်ဝက်ဘ်ဆိုဒ်တွေမှာ စံချိန်တင်ဈေးနှုန်းတွေ ဖြစ်ပေါ်နေတဲ့ လက်မှတ်ဈေးနှုန်းတွေနဲ့ပတ်သက်လို့လည်း အင်ဖန်တီနိုက ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

"ဒါက တစ်လအတွင်း စူပါဘိုးလ်(Super Bowl) ပွဲစဉ် ၁၀၄ ခုကို တစ်ပြိုင်တည်းကျင်းပတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် ဈေးနှုန်းတွေအပေါ် သက်ရောက်မှုရှိလာတာတော့ သိသာပါတယ်" လို့ အင်ဖန်တီနိုက ထပ်လောင်းပြောပါတယ်။

"လက်မှတ်ဈေးနှုန်းတွေကို သတ်မှတ်ပြီးသားဖြစ်ပေမဲ့ အထူးသဖြင့် အမေရိကန်မှာတော့ dynamic pricing လို့ခေါ်တဲ့ စနစ်တစ်ခု ရှိပါတယ်။ ဒါဟာ ဝယ်လိုအားနဲ့ ပွဲစဉ်အမျိုးအစားအပေါ်မူတည်ပြီး ဈေးနှုန်းတွေ တက်တာ၊ ကျတာ ဖြစ်နိုင်တယ်လို့ ဆိုလိုတာပါ" လို့ သူက ရှင်းပြပါတယ်။

"ပရိသတ်တွေအနေနဲ့ သူတို့ရဲ့လက်မှတ်တွေကို တရားဝင်ပလက်ဖောင်းတွေမှတစ်ဆင့် ပြန်လည်ရောင်းချနိုင်ပြီး ဈေးနှုန်းတွေလည်း ထပ်တက်လာနိုင်ပါတယ်။ ဒါဟာ ဈေးကွက်ရဲ့ သဘောသဘာဝပါပဲ" လို့ ၎င်းက ဆိုပါတယ်။

နိုင်ငံသုံးခုမှာ ပြိုင်ပွဲဝင်အသင်း ၄၈ ခုပါဝင်ယှဉ်ပြိုင်မယ့် သမိုင်းတလျှောက်အကြီးကျယ်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖီဖာက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အနည်းဆုံးရရှိနိုင်တယ်လို့ ဥက္ကဋ္ဌက ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ "ရရှိလာတဲ့ ဒေါ်လာတိုင်းကို အဖွဲ့ဝင်နိုင်ငံ ၂၁၁ ခုရဲ့ ဘောလုံးလောကတိုးတက်ရေးအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံသွားပါမယ်" လို့ သူက ကတိကဝတ်ပြုခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲက အမေရိကန်ရဲ့ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်၊ လုံခြုံရေးနဲ့ ရင်းနှီးမြှုပ်နှံမှုစတဲ့ စီးပွားရေးကဏ္ဍတွေအပေါ် ဒေါ်လာ ၃၀ ဘီလီယံလောက်အထိ သက်ရောက်မှုရှိစေလိမ့်မယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။

အင်ဖန်တီနိုရဲ့ ပြောကြားချက်အရ ကွင်းအတွင်းလာရောက်ကြည့်ရှုမယ့် ပရိသတ် ၇ သန်းအပြင် ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ခရီးသွားဧည့်သည် သန်း ၂၀ မှ သန်း ၃၀ အထိ ဆွဲဆောင်နိုင်လို့ အချိန်ပြည့်အလုပ်ကိုင် ၁၈၅,၀၀၀ ကိုလည်း ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။

"ဒါဟာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။ ဒီလိုကောင်းကျိုးတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကာလတင်မကဘဲ အနာဂတ်အထိ ဆက်ရှိနေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။