ဘင်ဖီကာနဲ့ပွဲစဉ်မှာ အမှားအယွင်းမရှိခြေစွမ်းပြသဖို့ အသင်းဆီတောင်းဆိုလိုက်တဲ့ အာဘီလိုအာ
လာမယ့်အင်္ဂါနေ့၊ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်အဖြစ် ဘင်ဖီကာနဲ့ရင်ဆိုင်ရချိန် ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် အာရုံစိုက်မှုအပြည့်၊ မိနစ် ၉၀ ပြည့် အကောင်းဆုံးခြေစွမ်းပြသသွားကြဖို့ နည်းပြ အယ်လ်ဗာရို အာဘီလိုအာက တိုက်တွန်းလိုက်ပါတယ်။
ပုံစံကောင်းပြသနေတဲ့ ဆိုစီဒက်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာဘီလိုအာရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက နောက်ဆုံးသုံးပွဲဆက်အနိုင်ရရှိမှုမှတ်တမ်းနဲ့အတူ လစ္စဘွန်းမြို့ဆီ ရောက်ရှိလာပါတယ်။ စပိန်လူမျိုးနည်းပြအာဘီလိုအာ ရီးရဲလ်မက်ဒရစ်ကိုစတင်တာဝန်ယူချိန်၊ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်ခန့်ကလည်း ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ ဘင်ဖီကာကို ၄-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့ဖူးပါတယ်။
အဲ့ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် မော်ရင်ဟိုရဲ့အသင်းက ရှုံးထွက်ပလေးအော့ဖ်အဆင့်ကစားခွင့် ရရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှာတော့ ၁၆-သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်မယ့်အခွင့်အရေး ဆုံးရှုံးသွားခဲ့ပါတယ်။
အခုအချိန်မှာတော့ အာဘီလိုအာ ရှေ့မှာရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေအပေါ် ပေါ့ပေါ့တန်တန် သဘောမထားပါဘူး။
"အနိုင်ရဖို့ဆိုရင် ကျွန်တော်တို့ အရမ်းကောင်းအောင် ကစားရပါမယ်။ အဲဒီလိုဖြစ်ဖို့အတွက် လုပ်ဆောင်ရမယ့်အရာတွေအများကြီးကို မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ခံစစ်ရော၊ တိုက်စစ်ပါ ကောင်းဖို့လိုသလို တည်ကန်ဘောတွေကိုလည်း အာရုံစိုက်ရပါမယ်။ မိနစ် ၉၀ စလုံး အမှားအယွင်းမရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်အောင် ကစားသွားရပါမယ်"လို့ တနင်္လာနေ့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အာဘီလိုအာက ပြောကြားခဲ့ပါတယ်။
ရီးရဲလ်နောက်ခံလူဟောင်းဖြစ်တဲ့ အာဘီလိုအာက ဇာဗီအလွန်ဆိုရဲ့နေရာကို အစားထိုးဝင်ရောက်လာပြီးနောက် အသင်းရဲ့ရလဒ်တွေသိသိသာသာတိုးတက်လာမှုအပေါ် ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။
"ကျွန်တော် စရောက်ကတည်းက ကစားသမားအားလုံးဆီမှာ အပြုသဘောဆောင်တဲ့စိတ်ဓာတ်တွေကို တွေ့ရပြီး ဒါက အဓိကသော့ချက်ပါပဲ။ ဘောလုံးလောကမှာ ကစားသမားထက် နည်းပြဖြစ်ရတာက ပိုလွယ်ပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ရမယ့်အရာကို ပြောပြဖို့က ကိုယ်တိုင်လုပ်ပြရတာထက် ပိုလွယ်လို့ပဲ ဖြစ်ပါတယ်။"
"ဒါကြောင့် အောင်မြင်မှုအားလုံးက ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်ပါတယ်။ ပွဲတိုင်းကို ဗိုလ်လုပွဲတစ်ခုလိုပြင်ဆင်တတ်တဲ့ ကစားသမားတွေရှိနေလို့လည်း အခုလိုရလဒ်ကောင်းတွေ ရနေတာပါ။ ဒီလိုစိတ်ဓာတ်၊ ဒီလိုအဆင့်အတန်းတွေနဲ့အတူ ရလဒ်ကောင်းတွေဆက်တိုက်ရနေပေမဲ့ ဒီထက်မကပိုပြီးစွမ်းဆောင်နိုင်မယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ထားပါတယ်"လို့ အာဘီလိုအာက ဆိုပါတယ်။
ဒါ့အပြင် အာဘီလိုအာက ဆရာဟောင်းဖြစ်သူ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းမော်ရင်ဟိုဦးဆောင်နေတဲ့ ဘင်ဖီကာအသင်းရဲ့အားသာချက်တွေကိုလည်း ရင်ဆိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
"တစ်ခုတော့ ရှင်းပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းက လွန်ခဲ့တဲ့ ၃ ပတ်မှာရှိခဲ့တဲ့ပုံစံအတိုင်းပဲ ရှိနေပါဦးမယ်။ သူတို့ဆီမှာ ကစားဟန်နဲ့ ယှဉ်ပြိုင်လိုစိတ်ကိုဖော်ဆောင်ပေးနိုင်တဲ့ခေါင်းဆောင် မော်ရင်ဟို ရှိနေပါတယ်" လို့ အာဘီလိုအာက ဆိုပါတယ်။
"အဲဒီအပေါ်မှာ အပြောင်းအလဲအနည်းငယ်ပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့က အရမ်းမာကျောပြီး ယှဉ်ပြိုင်မှု ပြင်းထန်မှာဖြစ်လို့ ကျွန်တော်တို့ဘက်က အသင့်ဖြစ်နေဖို့ လိုပါတယ်။ ကျွန်တော်တို့အတွက်တော့ ဒါဟာ ပွဲစဉ်အသစ်တစ်ခုဖြစ်ပြီး တခြားဘာကိုမှ စဉ်းစားမနေပါဘူး။ ပွဲသစ်မှာ အကောင်းဆုံးခြေစွမ်းပြပြီး အနိုင်ရဖို့ကလွဲလို့ တခြားရည်မှန်းချက် မရှိပါဘူး" လို့ သူက ပြောကြားသွားခဲ့ပါတယ်။