ဘင်ဖီကာနဲ့ပွဲမတိုင်ခင် အမ်ဘာပေရဲ့ ဒဏ်ရာအခြေအနေကို ရီးရဲလ်မက်ဒရစ် ထုတ်ပြန်
လာမယ့်အင်္ဂါနေ့၊ ဘင်ဖီကာနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်က အသင်းရဲ့အဓိကတိုက်စစ်မှူးအမ်ဘာပေရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်သင်းအုပ်စုအဆင့်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံချိန် ဘင်ဖီကာက ရီးရဲလ်မက်ဒရစ်ကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာမှာပဲ အခုလိုပြန်လည်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အဲဒီပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးတွေကို အမ်ဘာပေတစ်ဦးတည်းကသာ သွင်းယူပေးခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာကတော့ နောက်ဆုံးကစားခဲ့တဲ့ဆိုစီဒက်နဲ့ပွဲစဉ်မှာ အမ်ဘာပေရဲ့ ကြွက်သားအနည်းငယ်နာကျင်နေလို့ ကြိုတင်ကာကွယ်မှုအဖြစ် ပြင်သစ်ကြယ်ပွင့်ကို အနားပေးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အသင်းဘက်ကလည်း ချန်ပီယံလိဂ်နောက်ဆုံး-၁၆ သင်းအဆင့်တက်လှမ်းနိုင်ရေး အရေးကြီးပွဲစဉ်မတိုင်ခင် အမ်ဘာပေရဲ့ကြံ့ခိုင်မှုကို အနီးကပ်စောင့်ကြည့်နေပါတယ်။
ဆိုစီဒက်ကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး "အမ်ဘာပေရဲ့အခြေအနေ အားလုံးကောင်းပါတယ်။ သူ အနည်းငယ်နာကျင်နေတာကြာပြီဖြစ်ပေမဲ့ ပွဲကစားနိုင်အောင်တော့ အမြဲတမ်းကြိုးစားခဲ့ပါတယ်။ ဒါကြောင့် လာမယ့်အင်္ဂါနေ့ပွဲစဉ်မတိုင်ခင် ဒီနေ့မှာ ဘာစွန့်စားမှုမှမလုပ်ချင်လို့ အနားပေးခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။
အမ်ဘာပေက စနေနေ့ပွဲနေ့လူစာရင်းမှာ ပါဝင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာလည်း လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပါတယ်။