ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိပြီးနောက် ဘန်လေကစားသမားတွေအတွက် အလွန်ဝမ်းသာမိနေတဲ့ ပါကား
ဘန်လေနည်းပြစကော့ပါကားက ခရစ္စတယ်ပဲလေ့စ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့အတွက် အလွန်ကျေနပ်အားရနေပါတယ်။
အခုပွဲစဉ်ရဲ့ ပွဲအစ ၃၃ မိနစ်အတွင်း ဘန်လေက နှစ်ဂိုးပြတ်ရှုံးနိမ့်နေရာမှ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ၃-၂ ဂိုးဖြင့် ပြန်လည်ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်တွေမှာလည်း ဒီရလဒ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
"တကယ့်ကို ခံစားချက်ကောင်းပါပဲ၊ အသင်းကစားသမားတွေအတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ကျစရာတွေနဲ့ကြုံတွေ့ခဲ့ရသလို ခက်ခဲတဲ့အခြေအနေတွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်"လို့ ပွဲအပြီးမှာ ပါကာက ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ ဒီနေ့ပြသခဲ့တဲ့ ခြေစွမ်းက ကျွန်တော့်အသင်းကစားသမားတွေအကြောင်း ကျွန်တော်ပြောခဲ့တာတွေကို သက်သေပြလိုက်တာပါပဲ။ နှစ်ဂိုးပြတ်နဲ့ရှုံးနေတာကိုပြန်လာနိုင်ဖို့အတွက် တိုက်ပွဲဝင်စိတ်ဓာတ်၊ စိတ်ခွန်အား၊ ကြိုးစားအားထုတ်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေ အပြည့်အဝရှိခဲ့ပါတယ်။
ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေမျိုးနဲ့ဆိုရင် ဘယ်အသင်းမှ ဒီလိုမျိုးလုပ်နိုင်စရာ မရှိပါဘူး။ တကယ့်ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ တိုက်ပွဲဝင်နိုင်စွမ်းမရှိဘဲ ဒီလိုရလဒ်မျိုးကို ဒီညမှာ မဖော်ဆောင်နိုင်ပါဘူး။ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်တဲ့ရလဒ်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီး လူတိုင်းလည်း ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ရရှိထားတဲ့အသာစီးရလဒ်ကို ထိန်းထားနိုင်မှုနဲ့ပတ်သက်ပြီးတော့လည်း ပါကားက "ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ အားကုန်ထုတ်ပြီးတောင့်ခံခဲ့ရတဲ့အချိန်တွေရှိခဲ့ပေမဲ့ ဒုတိယပိုင်းခံစစ်ကစားပုံကတော့ ကျောက်ဆောင်တစ်ခုလို ခိုင်မာခဲ့တယ်လို့ ထင်ပါတယ်။ ဒူဗရာကာကိုယ်တိုင်လည်း ပွဲချိန်နှောင်းပိုင်းမှာ အရေးကြီးတဲ့ကာကွယ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အဓိကသော့ချက်ဖြစ်ခဲ့ပြီး အနိုင်ရလဒ်ကို ရရှိစေခဲ့တာပါ"လို့ ပြောပါတယ်။
ဆက်လက်ပြီး ပါကားက "ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်၊ ဆက်ပြီး ယုံကြည်ထားပါမယ်။ အတိတ်မှာဖြစ်ခဲ့တာတွေကို ပြန်တွေးမနေတော့ပါဘူး၊ ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပါပြီ။ လက်ရှိအခြေအနေနဲ့ ရှေ့ဆက်ရမယ့်အရာတွေကိုပဲ အာရုံစိုက်သွားပါမယ်။ ဒီညမှာ ပရိသတ်တွေအတွက်လည်း ကျွန်တော် အရမ်းဝမ်းသာပါတယ်။ အေးစက်စက်နဲ့ မိုးရွာနေတဲ့ စိတ်ညစ်စရာညမျိုးမှာ သူတို့တွေ အိမ်ပြန်တဲ့အချိန် ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ကျွန်တော်တို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။