အာဆင်နယ်ကိုအနိုင်ရပြီးနောက် သူ့ရဲ့ထင်မြင်ချက်တွေကိုဖွင့်ဟလာတဲ့ ဘာနာဒိုဆေးလ်ဗား
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဧပြီ ၁၉ ရက်) က အာဆင်နယ်အသင်းကို အရေးပါတဲ့ အနိုင်ရလဒ် ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ မန်စီးတီးအသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားက သူ့ရဲ့ ထင်မြင်ချက်တွေကို ပြောကြားခဲ့ပါတယ်။ ရိုင်ယန်ချာကီနဲ့ အာလင်းဟာလန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် မန်စီးတီးအသင်းဟာ အာဆင်နယ်ကို ၂-၁ ဂိုးနဲ့ အရေးကြီးတဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အာဆင်နယ်ရဲ့နောက် ၃ မှတ်အကွာကို ရောက်ရှိလာသလို လက်ကျန်တစ်ပွဲလည်း ကစားဖို့ ကျန်ရှိနေပါသေးတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် အဆင့် (၁၈) နေရာက ဘန်လေအသင်းနဲ့ပွဲစဉ်မှာသာ မန်စီးတီးတို့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့မယ်ဆိုရင် အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာတော့ ဆေးလ်ဗားက အခုလို အနေအထားမျိုးကို ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး သူကိုယ်တိုင်တောင် အံ့အားသင့်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ "လက်ကျန်ပွဲကိုသာ အနိုင်ရခဲ့ရင် ကျွန်တော်တို့ အမှတ်တူသွားမယ့် အနေအထားမှာ ရှိနေတာကြောင့် ဒါဟာ တကယ်ကို ကြီးမားတဲ့ အခွင့်အရေးပါပဲ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့ ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ သိပ်ပြီး မျှော်လင့်မထားခဲ့ပါဘူး။ အခုလို အမှတ်တူနိုင်မယ့် အခြေအနေရောက်လာလို့ ဝမ်းသာပါတယ်။ ရာသီကလည်း အရှည်ကြီး ကျန်ပါသေးတယ်။ ဒီရာသီမှာ အသေးစိတ် အချက်အလက်လေးတွေက ကျွန်တော်တို့ဘက်မှာ မရှိခဲ့သလို ကံမကောင်းတာတွေ၊ အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ တကယ်တော့ အနိုင်ရသင့်တဲ့ ပွဲတွေ အများကြီးပါပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ အရာအားလုံးက ကျွန်တော်တို့ဘက်မှာ ရှိနေခဲ့ပါတယ်။ တကယ်ကို ဝမ်းသာပါတယ်" လို့ ၎င်းက ဆိုပါတယ်။ အသင်းမှာ သူ့ရဲ့နောက်ဆုံးရာသီ ဖြစ်တာကြောင့် စိတ်လှုပ်ရှားမှု ရှိနေသလားဆိုတဲ့ မေးခွန်းအပေါ် "ကျွန်တော် ဆုံးဖြတ်ချက်ချထားတာ ကြာပါပြီ။ ဒါကြောင့်လည်း ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို သိနေတဲ့အတွက် တစ်ရာသီလုံး စိတ်လှုပ်ရှားနေခဲ့တာပါ။ ကျွန်တော် အလိုချင်ဆုံးကတော့ ဆုဖလားတွေနဲ့အတူ ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခုကို ရယူသွားဖို့ပါပဲ။ အဆုံးသတ်အထိ ဒီကလပ်အသင်းအတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားပေးသွားမှာပါ" လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။